Skip to main content

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းရှိ ခန်းမ၌ကျင်းပရာ ဇမ္ဗူသီရိ မြို့နယ် အမှတ်(၁၁) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်ကြစို့”သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရေး မနှောင့်နှေးမခက်ခဲစေရေးအတွက် စနေ၊ တနင်္ဂနွေ ပိတ်ရက်မရှိ စီစဉ်လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အခြေခံပညာကျောင်းများတွင် ဇွန်လကျောင်းဖွင့်ချိန်အမီ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် ထိခိုက် ပျက်စီးမှုများအလိုက် အသစ်ပြန်လည် တည်ဆောက်ပေးခြင်း၊ ယာယီစာသင်ဆောင်များ တည်ဆောက်ပေးခြင်း၊ ကျောင်းနှင့် ကျောင်းသားအရေအတွက် ပေါ်မူတည်၍ နှစ်ချိန်တက်ကျောင်းအဖြစ် ဆောင်ရွက်ပေးခြင်းများနှင့်အတူ ရေ၊ မီး၊ သန့်စင်ခန်းပြည့်စုံရေးတို့ကို ပြင်ဆင်ဆောင်ရွက်ထားပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း (KG+9) အခြေခံပညာအလယ်တန်းအဆင့် ပြီးဆုံးသည်အထိပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ (KG+9) အဆင့်ပြီးဆုံးသည့်အခါ အသက်မွေးဝမ်းကျောင်းပညာသင်ကြားမည့် ကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်သလို သတ်မှတ်အရည်အချင်းပြည့်မီပါက အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူနိုင်မည် ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား ကျောင်းသူများအားလုံး အလယ်တန်းဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့လာခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်း ၅၁ ကျောင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၃၄ ကျောင်းဖွင့်လှစ်ပေးခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် လေးကျောင်း ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း၊ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်ဆောင်ပုဒ်ကို အလေးအနက်ထားအကောင်အထည်ဖော်ဆောင်ရွက်ရင်း ပညာရေးဝန်ထမ်းများ၊ ပညာရေးနှင့်ဆက်စပ်သောဌာနများနှင့် မိဘပြည်သူများအားလုံး အမျိုးသားရေးအသွင်ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးရှိသော ပညာရေးရင်းနှီးမြှုပ်နှံမှုကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမဲ့ပုံနှိပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ခဲတံများ၊ ကျောင်းဝတ်စုံများ၊ ထောက်ပံ့ပစ္စည်းများကိုပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများက လက်ခံရယူကြပြီး ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် ဖျော်ဖြေကြသည်။

ဆက်လက်၍ စာသင်ခန်းအလိုက် ကျောင်းအပ်လက်ခံနေမှုများကို လိုက်လံကြည့်ရှုအားပေး၍ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ရှမ်းတဲသို့ သွားရောက်၍ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စာသင်ခန်းအတွင်း ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံကြသည့် ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်