တောင်ကြီး အောက်တိုဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လင်းခေးခရိုင်နယ်စပ်ရှိ တံတားဦးစီးဌာနမှ ဆောင်ရွက်သည့် ကျွန်းတောင်-ကျောက်တစ်လုံးကြီး နောင်ယာဆိုင်း-ဆိုက်ခေါင်-ပွန် ချောင်း-မောက်မယ်လမ်းပေါ်ရှိ တံတားအမှတ်(၉/၄၅)ပွန်ချောင်းတံတား ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လင်းခေးခရိုင် နယ်စပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ‘ရှမ်းပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အချိန်ထိ ရှမ်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၌ တိုးတက်ဖွံ့ဖြိုးအောင်ဆောင်ရွက်ခဲ့ရာတွင် ကတ္တရာကွန်ကရစ် AC လမ်းမိုင်ပေါင်း(၂၀၀)ခန့်၊ကွန်ကရစ်လမ်းမိုင် (၈၀)ခန့်၊ ကတ္တရာလမ်းသစ်ခင်းခြင်း မိုင်(၆၀၀) ကျော်၊ (၁၈)ပေအကျယ်၊ ကတ္တရာ"လမ်းချဲ့"ခင်းခြင်းမိုင် (၆၀၀)ခန့်၊ တံတားနှင့် ရေထုတ်ပြွန် အစင်းပေါင်း (၄၀၀၀)ခန့်တို့ကို ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် လည်းကောင်း၊ တိုင်းရင်းသားလုပ်ငန်း ရှင်ကုမ္ပဏီများ၏ B.O.Tစနစ်ဖြင့် လည်းကောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ပွန်ချောင်းတံတားသစ်ကြီးသည် ရှမ်းပြည်နယ်အတွက် အလွန်အရေးပါသော တံတား(၁)စင်းဖြစ်ကြောင်း၊ တံတားတည်နေရာသည် ရှမ်းပြည်နယ် တောင်ကြီး ခရိုင်နှင့်လင်းခေး ခရိုင် နယ်စပ်တွင်ဖြစ်ပြီး အဓိက National Highway လမ်းမကြီးဖြစ်သည့် တောင်ငူ လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်း NH21 နှင့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်း ဆတ်လမ်း NH23 တို့ကို ကွန်ယက် ဆက်ပေးသည့် လမ်းပေါ်က သဘာဝအတားအဆီးကြီး ပွန်ချောင်းကိုဖြတ်ကျော် တည်ဆောက်ထားကြောင်း၊ ယနေ့တည်ဆောက်ဖွင့်လှစ်လိုက်သည့် သံကူကွန်ကရစ်တံတားသစ်ကြီး ခံနိုင်ဝန်မှာ ယာဉ်(၁)စီးချင်း ခွင့်ပြုတန်ချိန်(၆၀)အထိ သွားလာနိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုတွင် ပိုမိုလွယ်ကူ လျင်မြန်လာတော့မည် ဖြစ်ကြောင်း’ ပြောကြားသည်။
ဆက်လက်၍ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးသူရဇော်မှ လမ်းတံတားဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားရာ ပွန်ချောင်း တံတားသည် စုစုပေါင်း ပေရှည်(၁၉၀)ပေရှိပြီး တံတားအကျယ်မှာ(၃၀)ပေစီနှင့် သံမဏိ သံပေါင် ယက်မ၊ သံကူကွန်ကရစ် ကြမ်းခင်းအမျိုးအစားဖြစ်ပြီး စီမံကိန်းတန်ဖိုးအားဖြင့် ကျပ်(၉၇၄.၅၀၀)သန်းကို ပြည်နယ်ရန်ပုံငွေဖြင့်ကျခံ၍ တံတားအထူးအဖွဲ့(၁၂)မှ တာဝန်ယူတည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့်ပွန်ချောင်းတံတားသည့် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နှင့် လင်းခေးခရိုင်တို့ကို ဆက်သွယ်ထားသည့်လမ်းပေါ်တွင် တည်ရှိပြီး တံတားကြီးတည်ဆောက်ပေးလိုက်သည့်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အတွင်း ဆက်သွယ်သွားလာရေးကို အဆင့်မြှင့်တင်ပေးလိုက်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက်ဒေသခံ ဦးခွန်လှထွန်းမှ ကျေးဇူးတင် စကားပြောကြားပြီး ပွန်ချောင်းတံတားအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်တို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့မှ အသီးသီးဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ လမ်းတံတားအား လှည့်လည်စစ်ဆေးကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)