Skip to main content

မြောင်မြို့နယ်၊ ပန်းညိုရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း မဟုတ်မမှန် ရေးသားထုတ်လွှင့်လျက်ရှိ

နေပြည်တော် မတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ပန်းညိုရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ်လ ၁၂ ရက် ညနေပိုင်းက စတင်ပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေကြောင်း ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး လုံခြုံရေးတာဝန်ရှိသူများအား မေးမြန်းစုံစမ်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြောင်မြို့နယ်အတွင်း ကျေးရွာများ၌ မီးရှို့ဖျက်ဆီးခြင်း မရှိကြောင်းနှင့် အကြမ်းဖက်သမားများကသာ ငါနဲ့မတူငါ့ရန်သူသဘောထားကာ ၎င်းတို့အား မထောက်ခံသော ရဟန်းရှင်လူပြည်သူများအား လက်နက်အားကိုးဖြင့် အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ရမ်းသန်းပစ်ခတ်ခြင်းများ ဆောင်ရွက်နေကြသည်မှာ ပြည်သူများ အသိပင်ဖြစ်သည်။

အဆိုပါသတင်းမှားများနှင့်ပတ်သက်၍ တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့သည့် မြို့ရွာများတွင် လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခြင်း စသည့် တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတုသတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။