နေပြည်တော် အောက်တိုဘာ ၇
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ ယနေ့နံနက်ပိုင်းတွင် အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်မြင့်ထွေး လက်ခံရယူသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မိမိတို့နိုင်ငံတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများ တက်ညီလက်ညီဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့ လှူဒါန်း ရခြင်းမှာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် ဘေးအန္တရာယ်ကို မကြောက်မရွံ့ဖြင့် ဆောင်ရွက်နေကြသော ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုသည့် သဘောဖြင့် လှူဒါန်းခြင်းလည်း ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ လုပ်ငန်းများကို ကော်မတီများအသီးသီး ဖွဲ့စည်းကာ ကျရာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) ကို ရေးဆွဲဆောင်ရွက်ရာတွင် လည်းကောင်း၊ ဘဏ္ဍာရေး ပိုင်းဆိုင်ရာ လိုအပ်ချက်များ လစ်ဟင်းမှုမရှိစေရေး အတွက် လည်းကောင်း၊ နိုင်ငံတကာမှ ချေးငွေများ ရယူရာတွင်လည်းကောင်း၊ ကိုဗစ်-၁၉ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများ လျှော့ချပေးခြင်း ဖြင့်လည်းကောင်း၊ ဘဏ္ဍာငွေများအား ဘဏ္ဍာနှစ်လွန် အသုံးပြုနိုင်ရန် အတွက်လည်းကောင်း၊ စက်ရုံများမှ လူနာတင်ယာဉ် များ၊ ဆေးဝါးများနှင့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ဝတ်စုံများထုတ်လုပ်ခြင်းတွင် လည်းကောင်း ပံ့ပိုးကူညီ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ရှေ့တန်းမှ ဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများအား လေးစားဂုဏ်ပြုသည့်အနေဖြင့် မိမိတို့ဝန်ကြီး ဌာနမှ ဝန်ထမ်းများက ပါဝင်လှူဒါန်းခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးက မိမိတို့ဦးစီးဌာနမှ ဆရာ၊ ဆရာမများ သည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဆေးရုံများတွင် အသုံးပြုရန် robot trolley များလည်း ပြုလုပ်လှူဒါန်းခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား အားထုတ်ကြိုးပမ်း ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ယူလေးစား အားကိုးသည့်အနေဖြင့် မိမိတို့ ဦးစီးဌာနမှ ဝန်ထမ်းများက လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြားရာ ယခုကဲ့သို့ လှူဒါန်းမှုများအတွက် ကျန်းမာရေး ဝန်ထမ်းများ အားလုံး၏ ကိုယ်စားကျေးဇူး တင်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုများဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ သည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူး စက်တတ်သော ရောဂါဖြစ်ပြီး လျင်မြန်စွာ ကူးစက်ပျံ့နှံ့ နိုင်သည်ဖြစ်သဖြင့် ယခု ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယ လှိုင်း နောက်တွင်လည်း ရောဂါကူးစက်မှုလှိုင်းများ ရှိလာနိုင်ပါကြောင်း၊ အဆိုပါရောဂါကူးစက်မှု လှိုင်းများကြီးမားခြင်း မရှိစေရန် အတွက် ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို အမြဲတစေဂရုပြု လိုက်နာကြ ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရရှိသော ဘဏ္ဍာငွေနှင့် ရန်ပုံငွေ များကို အကျိုးရှိ ထိရောက်စွာ အသုံးချလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသည် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍအတွက် အဓိကမဏ္ဍိုင်တစ်ခု ဖြစ်သော်လည်း အခြားသက်ဆိုင်ရာကဏ္ဍ လုပ်ငန်းများနှင့် ဆက်စပ်နှီးနွှယ် နေသောကြောင့် သက်ဆိုင်ရာကဏ္ဍ ပေါင်းစုံပါဝင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆက်လက် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယနေ့လှူဒါန်းမှု အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စား အမျိုးသားလွှတ်တော်၊ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ငွေကျပ်သိန်း(၅၀)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်း များကိုယ်စား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒုတိယဝန်ကြီး ဦးဆက်အောင်တို့က ငွေကျပ် (၇၀၅) သိန်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရုံးချုပ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများမှ ဆရာ၊ ဆရာမနှင့် ဝန်ထမ်းမိသားစုများကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးက ငွေကျပ်သိန်း (၂၇၀) တို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)