တောင်ကြီး အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်နယ်မြေရဲစခန်းမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုမည့် အက်စစ်ပုံးများ ဖျက်ဆီးခြင်းကို ယနေ့ နံနက်(၁၁) နာရီက ခိုလမ်-ကျိုင်းတောင်းကားလမ်းမဘေးတွင် ကျင်းပသည်။
ယင်းသို့ဖျက်ဆီးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယခု ခိုလမ်ဒေသ ပတ်ဝန်းကျင်က ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို ပြီးခဲ့သည့် ဇွန်လ(၂၆)ရက် က တောင်ကြီးမြို့မှာ မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်ပါကြောင်း၊ အစပျိုး ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ထုထည်ပမာဏများပြားသည့်အတွက် သယ်ယူရန်ခက်ခဲခြင်း၊ ရွှေ့ပြောင်းသယ်ဆောင်ရာတွင် မမျှော်လင့် သည့်အုပ်ချုပ်မှုကိစ္စများ ဖြစ်ပေါ်နိုင်သည့်အတွက် ဇွန်လ(၂၆) ရက်နေ့က ဖျက်ဆီးခြင်း မပြုနိုင်ခဲ့ဘဲ ဒီနေ့မှာ ဖျက်ဆီးရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို နှစ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ( ၃၁ )သန်း၊ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ( ၁၄၃ )သန်း၊ ၂၀၁၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ(၁၀၉)သန်း၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း(၁၅၀)ကျော်တန်းဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဓာတု ပစ္စည်းများကို ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ (၆၅၁) သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးခဲ့ပြီးဖြစ်သည့်အတွက် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ(၅၀၁) သန်း ပိုမိုဖျက်ဆီး နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုနှစ် ရှမ်းပြည်နယ်၊ ရန်ကုန်၊ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း(၈၃၄.၉၄၁၈) သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း၊ တားဆီး နှိမ်နင်းရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည့်အတွက် နမ့်စန်မြို့နယ်၊ ခိုလမ်ဒေသတွင် မူးယစ်ဆေးဝါးအမျိုးအစား(၁၀)မျိုး၊ အစပျိုးဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း အမျိုးအစား(၂၄)မျိုး၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်( ၂၁၂၁၁.၈၁၉ )သန်းကျော် တန်ဖိုးရှိသည့် ပစ္စည်းများအပြင် မော်တော်ယာဉ်( ၈ )စီး၊ လက်နက်နှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံ ( ၃၉ )ဦးနှင့် တရားခံပြေး (၂)ဦး၊ စုစုပေါင်း (၄၁)ဦးတို့ကို အရေးယူနိုင်ခဲ့တာဖြစ်ကြောင်း၊ နှစ်စဉ် မူးယစ်ဆေးဝါး ပမာဏများစွာ ဖမ်းဆီးရမိ အရေးယူနိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံနှင့် ကမ္ဘာနိုင်ငံများ လူမှုပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး အန္တရာယ်ကြီးသည် ကျယ်ပြန့်လျက် ရှိနေဆဲဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး ပပျောက်ရေး အတွက် မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်ဆောင်ရွက်နေသည့်ကြားက မူးယစ်ဆေးဝါးအန္တရာယ်ဟာ ခြိမ်းခြောက်လျက်ရှိနေဆဲ ဖြစ်ကြောင်း အလေးထားရုပြုရန် လိုအပ်ပါကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်မှအမှာစကားပြောကြားပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်တင်ကို မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုမည့် အက်စစ်ပုံးများ၏ အမှုဖြစ်စဉ်အကျဉ်းအား ရှင်းလင်းရာ ၂၀၁၉ ခုနှစ်၊ သြဂုတ်(၂၂)ရက်နေ့ ညနေ (၄)နာရီ ၁၅ မိနစ် အချိန်တွင် အမှတ်(၁၅၀)ခြေလျင်တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး ကျော်ဇင်လတ် ဦးစီးအဖွဲ့၊ အမှတ်(၁၅၂) ခြေလျင်တပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး အောင်မျိုးဦး ဦးစီးအဖွဲ့တို့သည် ခိုလမ်မြို့၊ နားပွဲကျေးရွာအနီး ခန့်မှန်းမြေပုံညွှန်း(LD-963425) နေရာတွင် လည်းကောင်း၊ ရှေ့တန်းအမှတ် (၃၃၂) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောနောင်ဦးစီး အဖွဲ့သည် ခန့်မှန်းမြေပုံညွှန်း (LD-958424)နေရာတွင် လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် အမှတ်(၁၅၂)ခြေလျင်တပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး အောင်မျိုးဦး ဦးစီးအဖွဲ့သည် ခန့်မှန်းမြေပုံညွှန်း(LD-972427) နေရာတွင် လည်းကောင်း၊ သြဂုတ်လ (၂၅)ရက်နေ့ ညနေ (၅)နာရီခန့်တွင် အမှတ်(၁၅၂) ခြေလျင်တပ်ရင်းမှ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူး အောင်မျိုးဦး ဦးစီးအဖွဲ့သည် ခန့်မှန်းမြေပုံညွှန်း(LD-968432)နေရာတွင်လည်းကောင်း မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက်ရှာဖွေရာတွင် မူးယစ်ဆေးဝါးချက်လုပ်နေသော ဘိန်းချက်စခန်းအား တွေ့ရှိပြီး မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများဖြစ်သည့် ဆာလဖျူရစ် အက်စစ် အမျိုးအစား(၅)ဂါလံဆံ့ အပြာရောင်ကော်ပုံး (၅၄၅) ပုံး ၊ (၅၀) ဂါလံဆံ့ သံပေပါ(၄၂)လုံး၊ (၅၀)ဂါလံဆံ့ အပြာရောင်ကော်ပေပါ (၂၀)လုံး၊ မော်တော်ယာဉ်များဖြစ်သည့် လဇ်ခရုဇာ အပြာရောင် (၁)စီး၊ သရီးကရောင်း(၃)စီး၊ ကန်တာယာဉ် (၁)စီး၊ ပါဂျဲရိုး (၁)စီး၊ ဗီဂိုး(၁)စီး၊ ဆက်စ်ကား (၁)စီး၊ စုစုပေါင်း မော်တော်ယာဉ် (၈)စီး၊ လက်နက်အမျိုးအစား ပွိုင့်(၂၂) (၁)လက်၊ တရုတ်လက်ပစ်ဗုံး (၄၆)လုံး၊ တရုတ်စက် လက်ကျည် (၃၆၀)တောင့်၊ ပွိုင့်(၂၂)ကျည်(၆၀)တောင့်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရ မိခဲ့ကြောင်း၊ ယခုနှစ်အတွင်း တောင်ကြီးမြို့တွင် ကျင်းပသော မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲတွင်လည်း ထည့်သွင်းမီးရှို့ဖျက်ဆီး နိုင်မှုမရှိရခြင်းမှာ သက်သေခံပစ္စည်း ဆာလဖျူရစ်အက်စစ်ပေပါများအား ရွှေ့ပြောင်း သယ်ဆောင်ပါက ပေါက်ကွဲ ပျက်စီးစေတတ်သော ပစ္စည်းများဖြစ်ပြီး မလိုအပ်သော အုပ်ချုပ်မှုကိစ္စများ မဖြစ်ပေါ်စေရေးအတွက် ဖမ်းဆီးရမိသည့် နယ်မြေရဲစခန်းအပိုင် နယ်မြေအတွင်း၌ သာ ယခုကဲ့သို့ မြေကျင်းထဲသို့ သွန်မှောက်ဖျက်ဆီးရခြင်း ဖြစ်ကြောင်း ပြောကြားသွားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့အလယ်ပိုင်းတိုင်းမှူးနှင့် တာဝန်ရှိသူများ သည် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုမည့် အက်စစ်ပုံးများအား လှည့်လည်ကြည့်ရှုပြီး မြေကျင်းထဲသို့ သွန်ချဖျက်ဆီးပေးကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)