နေပြည်တော် အောက်တိုဘာ ၇
မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းပု အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁) မျိုးအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၉) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တော်သလင်း လပြည့်ကျော် (၈) ရက် (သောကြာနေ့)၊ နံနက် (၉) နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီး များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် အောက်တိုဘာ(၉)ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (First day Cover) များပေါ်တွင် နေ့စွဲအမှတ် အသားတံဆိပ် ရိုက်နှိပ်ပေး မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)