Skip to main content

ပြည်ပ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့

နေပြည်တော် အောက်တိုဘာ ၇

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယ နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၈၅)ဦးအား Air India လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ထို့ပြင် ဂျပန်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့်  မြန်မာနိုင်ငံသား (၁၅၇) ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် (၉)ကြိမ်မြောက် All Nippon Airways (ANA) လေကြောင်း လိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် တိုကျိုမြို့၊ နာရီတာအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေ(၅)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄) ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)