နေပြည်တော် ဖေဖော်ဝါရီ ၁၀
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာအများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း အဆိုပါတရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းအပါအဝင် အခြားဒုစရိုက်လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ပူးပေါင်းအဖွဲ့များက တက်ကြွစွာဖြင့် တင်းတင်းကျပ်ကျပ် ရှာဖွေစစ်ဆေးဖော်ထုတ်ဖမ်းဆီးမှုများ အဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)မိုင်းရယ်မြို့နယ် မိုင်းဟဒေသအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၁ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် လိုအပ်သည့်စစ်ဆေးမှုအား ဆောင်ရွက်လျက်ရှိပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
၎င်းနယ်မြေအတွင်း ဖေဖော်ဝါရီ ၅ ရက်မှ ၉ ရက်အထိ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသူများကို လုံခြုံရေးဆောင်ရွက်ပေးနေသူငါးဦး၊ တရုတ်နိုင်ငံသားအမျိုးသား ၄၈ ဦး၊ အမျိုးသမီးနှစ်ဦး၊ ဗီယက်နမ်နိုင်ငံသားအမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသားအမျိုးသားငါးဦး၊ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၁၀၂ ဦးတို့အား တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံအလုံး ၂၆၀ ၊ Laptop ၂၅ လုံး၊ Destop ၂၁ လုံး၊ Keyboard ၂၈ လုံး၊ Wifi စက်နှစ်လုံး၊ Starlink ခုနစ်လုံး၊ လက်နက်မျိုးစုံခုနစ်လက်၊ ကွန်ပျူတာ ၇၂ လုံး၊ ငါးဂိမ်းစက်ငါးလုံး၊ မော်တော်ယာဉ်မျိုးစုံသုံးစီး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများအား စိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်ခြင်းနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည် မှုလုပ်ဆောင်နေသူများနှင့် အခြားဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တင်းတင်းကျပ်ကျပ် စုံစမ်းဖော်ထုတ်လျက်ရှိပြီး ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်