နေပြည်တော် ဇွန် ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် လာအိုပြည်သူ့တပ်မတော်၏ စစ်ဦးစီးဌာန၊ ဒုတိယအကြီးအကဲဖြစ်သူ Major General Vanthong BOUTTAVONG ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာလာအိုစစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါလာအိုပြည်သူ့တပ်မတော်၏ စစ်ဦးစီးဌာန၊ ဒုတိယအကြီးအကဲ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း ဇွန်လ ၉ ရက်တွင် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ သွားရောက်၍ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုပန်းခြင်းချ အလေးပြုကြသည်။ ယင်းနောက် ဘုရင့်နောင်ရိပ်သာ၌ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် တွေ့ဆုံ၍ နှစ်ဖက်အပြန်အလှန်မိတ်ဆက်ခဲ့ကြပြီး နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးကြသည်။ ညနေပိုင်းတွင် အဆိုပါချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၀ ရက်နံနက်ပိုင်းတွင် မန္တလေးမြို့သို့ရောက်ရှိ၍ ဦးပိန်တံတားသို့ သွားရောက်လေ့လာခြင်း၊ မန္တလေးမြို့တွင်း လှည့်လည်ကြည့်ရှုလေ့လာခြင်း၊ မန္တလေးတောင်သို့ သွားရောက်လေ့လာခြင်း၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပွဲကောက်ရေတံခွန်သို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ညပိုင်းတွင် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိအခြေပြုခဲ့ကြသည်။
အဆိုပါချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြပြီး ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် သန်လျင်တပ်နယ်သို့ ရောက်ရှိ၍ ဖရီဂိတ်စစ်ရေယာဉ် ကျန်စစ်သားသို့ သွားရောက်လေ့လာခြင်း၊ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်သို့ သွားရောက်၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး နယ်မြေခံရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ညနေပိုင်းတွင် ဗိုလ်ချုပ်ဈေးသို့ သွားရောက်လည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
