ကလေးဆိုသည်မှာ အလုပ်စေခိုင်းရမည့်အရွယ်မဟုတ်။ မိသားစုဝင်များနှင့်အတူ ကျန်းမာပျော်ရွှင်ရန်၊ ကျောင်းနေအရွယ်တွင် ကျောင်းပညာကို မပျက်မကွက် သင်ယူခွင့်ရရန် ကလေးများကို အခွင့်အရေးပေးရမည်ဖြစ်သော်လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် ယူနီဆက်ဖ်တို့၏ အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းတွင် ကလေးအလုပ်သမားပေါင်း ၁၅၃ သန်းရှိနေသည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခဘေးအန္တရာယ်များ ဖြစ်ပေါ်ခြင်းတို့ကြောင့် ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေရသည့် ကလေးငယ် တစ်သန်းကျော်ရှိနေသည်။
အိုင်အယ်လ်အို၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကလေးအလုပ်သမားဆိုသည်မှာ ၎င်း၏ကလေးဘဝရှေ့အလားအလာနှင့် ဂုဏ်သိက္ခာကင်းမဲ့စေပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုးကို လုပ်ကိုင်နေရသူများကို ဆိုလိုခြင်းဖြစ်သည်။ အသက် ငါးနှစ်မှ ၁၇ နှစ်အတွင်းရှိ ကလေးများလုပ်ငန်းခွင်သို့ ဝင်ရောက်အလုပ်လုပ်ကိုင်ကြခြင်း၊ အခကြေးငွေမရဘဲ အန္တရာယ်ရှိသည့် အိမ်တွင်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရခြင်းတို့သည်လည်း ကလေးအလုပ်သမားများအဖြစ် အကျုံးဝင်သည်။ မြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် လက်ရှိအလုပ်သမားဥပဒေအရ အလုပ်လုပ်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်မှာ အသက် ၁၄ နှစ်ဖြစ်သည်။ ၂၀၁၆ ခုနှစ် “ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ” တွင်လည်း အလုပ်စတင်ဝင်ရောက်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်ကို ၁၄ နှစ်ဟု ပြဋ္ဌာန်းပေးထားသည့် အသက် ၁၈ နှစ်မပြည့်သေးသည့် မည်သည့်အလုပ်သမားကိုမျှ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့် လုပ်ငန်းခွင်များတွင် အလုပ်မလုပ်စေရန်လည်း ပြဋ္ဌာန်း ထားသည်။
ကလေးများလုပ်ငန်းခွင်ထဲသို့ ရောက်ရှိလာရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆင်းရဲနွမ်းပါးမှုကြောင့်ဖြစ်သည်။ ဆင်းရဲနွမ်းပါးခြင်း၊ လူမှုစီးပွားဘဝနိမ့်ကျခြင်း၊ မိဘများကိုယ်တိုင်က အသိပညာနည်းပါးခြင်းတို့ကြောင့် စာသင်ခန်းများတွင်သာ ရှိနေရမည့် ကျောင်းနေအရွယ်ကလေးများမှာ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှာဖွေရန် ကလေးအလုပ်သမားများအဖြစ် ခံယူကြရသည်။ တစ်ခါတစ်ရံ လွန်စွာဆင်းရဲနွမ်းပါးသည့် မိသားစု၏ အဓိကဝင်ငွေရှာဖွေသူ မှာပင် ကလေးဖြစ်နေပြီး မိသားစုက ၎င်းအပေါ် မှီခိုနေကြရခြင်းဖြစ်သည်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် ကလေးသူငယ်ဦးရေ၏ လေးပုံတစ်ပုံသည် အလုပ်လုပ်နေကြရပြီး အာဖရိကနိုင်ငံအချို့တွင် အသက်ငါးနှစ်မှ ၁၄ နှစ်ကြားအရွယ်ရှိ ကလေးများ၏ ၅၀ ရာခိုင်နှုန်း မှာ ကလေးအလုပ်သမားများဖြစ်ကြသည်။ တစ်ကမ္ဘာလုံးတွင် ကလေးအလုပ်သမားအများဆုံး အလုပ်လုပ်ကိုင်ကြသည့်ကဏ္ဍမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင်ဖြစ်ရာ မိမိတို့နိုင်ငံတွင်လည်း ယင်းသို့ပင်ဖြစ်ဖွယ်ရှိသည်။
ကလေးများကိုအရွယ်မတိုင်မီ လုပ်ငန်းခွင်များသို့ ရောက်ရှိသွားစေရန် တွန်းပို့သည့်အခြေခံအကြောင်းများတွင် စာသင်ကျောင်းများနှင့် အလှမ်းဝေးသည့် ဒေသများတွင်နေထိုင်ခြင်း၊ စာပေပညာသင်ကြားမှုအပေါ် လွဲမှားသည့်အမြင်ရှိခြင်း၊ ဓလေ့ထုံးစံများကလည်း ပညာရေးအပေါ် အားမပေးခြင်းနှင့် နိုင်ငံတော်အဆင့် စီးပွားရေးမူဝါဒများ၊ ကုန်ထုတ်လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုပုံစံများက လုပ်ခလစာနည်းသည့် ကလေးအလုပ်သမားများ လိုအပ်သည့်အခြေအနေမျိုး ဖြစ်ပေါ်နေခြင်းတို့ ရှိနေမည်ဆိုပါက ကလေးအလုပ်သမားပပျောက်ရေးဆောင်ရွက်ရန် မဖြစ်နိုင်လောက်အောင် ခက်ခဲမည်ဖြစ်သည်။ အခြေခံအကြောင်းရင်းများဖြစ်သော ဆင်းရဲနွမ်းပါးမှုကို လျှော့ချခြင်း၊ စာသင်ကျောင်းများ အလုံအလောက် ဖွင့်လှစ်ပေးခြင်း၊ ပညာသင်ယူခြင်းနှင့် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များ အာမခံချက်ပေးနိုင်ခြင်း၊ နိုင်ငံ၏စီးပွားရေးမူဝါဒများ ချမှတ်ရာတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ခြင်းစသည်တို့ကို ဦးစွာကုစားနိုင်မှသာ ကလေးအလုပ်သမားပပျောက်ရေးကို အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီက ကလေးလုပ်သားအရေအတွက် ၁ ဒသမ ၁ သန်းကျော်ရှိခဲ့ပြီး ယင်းတို့အနက် ၆ သိန်းကျော်တို့မှာ အကာအကွယ်မဲ့သည့်အခြေအနေတွင် ရှိနေခဲ့သည်။ မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူ ကလေးများအတွက် ကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်ရန် ကလေးအလုပ်သမားပပျောက်ရေးအစီအစဉ်ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။ ကလေးအလုပ်သမားများ ခိုင်းစေခြင်းသည် မိဘများ၏ ဝင်ငွေလိုအပ်ချက်နှင့် အလုပ်ရှင်များ၏ လုပ်ခသက်သာသော အလုပ်သမားလိုအပ်ချက်များကို ဖြည့်ဆည်းခြင်းဖြစ်သော်လည်း ကလေးငယ်များနှင့် နိုင်ငံတော်၏အနာဂတ်တို့အတွက် ထိခိုက်နစ်နာဆုံးရှုံးရခြင်းပင်ဖြစ်ရာ ကလေးများ၏ အနာဂတ်ကောင်းမွန်ရေးနှင့် နိုင်ငံတည်ဆောက်ရေးအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကို ရည်မျှော်ကာ ကလေးအလုပ်သမားပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ရေရှည်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။