လူတစ်ဦးတစ်ယောက်မှာ ထိခိုက်နစ်နာမှုများ ရှိနေသည်ကို မြင်ရလျှင် စာနာမှုများဖြင့် လူတို့တွင် ကရုဏာစိတ်ဖြစ်ရ၏။ လူတစ်ဦးတစ်ယောက် ဒုက္ခဘေးဒဏ်နှင့် ကြုံတွေ့နေရသည်ကို သိရသည့်အခါ ဒုက္ခဘေးမှ လွတ်မြောက်ပါစေကြောင်းဖြင့် မေတ္တာပို့ကြလေ့ရှိ၏။ လူတစ်ဦးတစ်ယောက် ပျော်ရွှင်ကြည်နူး နေသည်ကို သတိပြုမိသည့်အခါ သူ၏ပျော်ရွှင်မှုတို့ကူးစက်ကာ မုဒိတာစိတ်ဖြစ်ရ၏။ ထို့အတူပင် မိမိတို့ မည်သို့မှ မတတ်နိုင်သည့် အခြေအနေတစ်ခုနှင့် ကြုံရသည့်အခါ သူ့ကံတရားနှင့်သူ ဖြစ်ရတာပဲလေဟု သုံးသပ် ရင်း ဥပေက္ခာစိတ်ဖြစ်ရ၏။
ယင်းတို့သည် လူတို့၏ မူလပင်ကိုစိတ်တွင် ကိန်းအောင်းနေလေ့ရှိသည့် ဗြဟ္မစိုရ်တရားလေးပါးပင် ဖြစ်၏။ လူသား၏လောဘ ဒေါသ၊ မောဟ၊ မာန်မာနကင်းစင်နေသည့် ပင်ကိုစိတ်တွင် သဘာဝ လောကကြီးထဲ ရှိချစ်ခင်စရာ၊ မြတ်နိုးစရာကိုမြင်လျှင် ချစ်ခင်မြတ်နိုးမည်ဆိုသည့် စိတ်ရှိ၏။ ကလေးငယ်တစ်ဦး ဆော့ကစား နေ သည်ကိုမြင်လျှင် ချစ်ခင်စိတ်၊ ကလေးငယ်ကို မှက်၊ ခြင်၊ ယင်ဖြစ်စေ ထိခိုက်နာကျင်သွားမှာကို အကာ အကွယ်ပေးလိုသော စိတ်တို့ ဖြစ်ပေါ်၏။
လူသားတို့တွင်ရှိသည့် လူသားချင်း စာနာစိတ်ဆိုသည်မှာ အဆိုပါ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာစိတ်တို့ လွှမ်းခြုံနေခြင်းဖြစ်ပါသည်။ လူသည်တစ်ဦး တစ်ယောက်တည်းနေ၍ရသည် မဟုတ်။ အစုအဝေးနှင့်၊ အဖော်အပေါင်းနှင့်နေသည့် သတ္တဝါဖြစ်၏။ လူမှုအဖွဲ့အစည်းထဲတွင် အတူတကွနေထိုင်ရင်း အတူတကွ ကြီးပြင်းရင့်သန်ရသည်။ ထို့ကြောင့် လူတစ်ဦး၏ နာကျင်မှုသည် သူတစ်ဦးတည်း၏ ဝေဒနာမဟုတ်၊ လူသားစိတ်ရှိသူ အားလုံးနှင့်ဆိုင်သည်ဟု စာနာစိတ်ဖြင့် တွေးမြင်ခံစားကြလေ့ ရှိသည်။ ထိုနာကျင်မှုကို ဝိုင်းဝန်းကုစားပေးလို၏။ ထိုသူတွေ့ရှိနေသည့် ဒုက္ခအခက်အခဲကို ကူညီဖြေရှင်းပေးလို၏။ သည်လိုစိတ်နှ လုံးသားဖြင့် နေထိုင်ရှင်သန်ခြင်းကိုပင် မြင့်မြတ်သော နေခြင်းဟု ဂုဏ်ပြုကြခြင်း ဖြစ်ပေသည်။
လူ့ဘဝဟူသည် မွေးဖွားချိန်နှင့် သေဆုံးချိန်ကြားရှိ ကာလဟုဆိုလျှင် သက်ဝင်လှုပ်ရှားနေရသည့် ဘဝတွင် မြင့်မြတ်စွာ ရှင်သန်ခြင်း၏ တန်ဖိုးသည် ကြီးမားခမ်းနားသည်ဟု မြင်ပါသည်။ လူ့ သမိုင်းတစ်လျှောက်တွင် မြင့်မြတ်စွာ ရှင်သန်နေထိုင်သွားခဲ့ကြသော ဂုဏ်ပြုအပ်သူတို့ကို လူသားစိတ်ရှိသူ အပေါင်းသည် အားကျလေး မြတ်ကြမည်ပဲ ဖြစ်ပါသည်။
မိမိတို့ကိုယ်တိုင်သည်လည်း သူတော်စင်ကြီးများအဖြစ် ရပ်တည်မသွားနိုင်ဘူးဆိုလျှင်ပင် လူသားစိတ် ပီပီသသရှိသူများအဖြစ် ရှင်သန်နေထိုင်လိုကြမည်ဟု ယုံကြည်ပါသည်။ ။
ယေဘုယျအားဖြင့် လူတိုင်းလူတိုင်းသည် ဤဘ၀တွင် ဖြူစင်မွန်မြတ်သော လူတစ်ယောက်အဖြစ် အသက်ရှင် နေထိုင်သွားလိုသူများသာ အများစုဖြစ်ပါမည်။ မည်သူကမှ သူယုတ်မာတစ်ဦးအဖြစ် ရှင်သန်လိုကြမည် မဟုတ်ပါချေ။ ထို့ကြောင့်ပင် အမှန်ကို မမြင်မှု၊ အလိုလောဘကြီးမှု၊ ခက်ထန်ဒေါသ ပြင်းထန်မှုတို့ကို ထိန်းချုပ် ပြင်ဆင်ကြခြင်းဖြင့် မြင့်မြတ်သူတို့အဖြစ် ရှင်သန်နေထိုင်သွားသင့်ကြသည် မဟုတ်ပါလော။
အချုပ်ကိုဆိုရပါမူ လူတို့သည် လူ့ဘဝကို ရရှိရှင်သန်လာရသည့်အခိုက်တွင် မြင့်မြတ်သော ရှင်သန် နေထိုင်မှုဖြစ်အောင် ကြိုးစားခြင်းဖြင့် ဘဝကို တန်ဖိုးရှိရှိ ဖြတ်သန်းသင့်ပါသည်။ ။
ထို့အတွက် လူလူချင်း စာနာထောက်ထားစိတ်၊ ကိုယ်ချင်းစာစိတ် အစရှိသည့် အခြေခံစိတ်ထားတို့က အရေး ကြီးပါသည်။ ထိုစိတ်ဓာတ်တို့က လူ့လောကကို ငြိမ်းချမ်းစေမည့် အခြေခံအကျဆုံး စိတ်ထားဟုလည်း မြင်ပါ သည်။ လူသားချင်းစာနာစိတ်ဖြင့် မိမိတို့ ရောက်ရာနေရာက၊ ကျရာတာဝန်တို့ကို ကျေပွန်အောင် လိုက်နာ ကျင့်ကြံနိုင်ကြပေလိမ့်မည်။ ။
ယနေ့ ကိုဗစ်-၁၉ကပ်ရောဂါ၏ အန္တရာယ်က ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်နေပြီတည်း။ သန်းနှင့်ချီသော သေဆုံးမှုတို့ရှိနေပြီ။ မြန်မာနိုင်ငံတွင်ပင် သေဆုံးသူ သုံးရာကျော်နှင့် ရောဂါပိုး ကူးစက်ခံထားရသူ တစ်သောင်း လေးထောင်ကျော်ရှိနေပြီ။ ထိုထိုသော ကမ္ဘာတစ်ဝန်းက ထိခိုက်နာကျင်နေကြသူများကို စာနာစိတ် ထပ်မံ တိုးပွား ကူးစက်ပြန့်ပွားမည့် အန္တရာယ်ကို ကာကွယ်လို စိတ်တို့ဖြင့် မိမိတို့အိမ်တွင်း၌သာ နေထိုင်ကြခြင်း၊ စည်းမျဉ်း စည်းကမ်းနှင့် ဥပဒေတို့ကို လိုက်နာကျင့်ဆောင်ကြခြင်းတို့ဖြင့် တာဝန်ယူကြရမည်ဟု ယုံကြည် ပါသည်။
လူသားချင်းစာနာစိတ်၊ ကိုယ်ချင်းစာစိတ်တို့ဖြင့် ငြိမ်းအေးချမ်းသာစိတ်များကို မွေးမြူ ပျိုးထောင်နိုင် ကြပါစေသတည်း။ ။