Skip to main content

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူနေမှုအဆင့်အတန်းမြင့်မားရေးတို့အတွက် အဓိကလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ရာတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှထုတ်ယူရန် နိုင်ငံတော်ကအားပေးလျက်ရှိသည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှာ ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအား၊ ဒီရေစွမ်းအားစသည်တို့ဖြစ်ပြီး မြေအောက်မှတူးဖော်ရရှိသည့် ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့ကဲ့သို့ ကုန်ခန်းသွားနိုင်သည့် ရုပ်ကြွင်းလောင်စာအရင်းအမြစ်များနှင့် ခြားနားစွာပင် ထာဝရကုန်ခန်းခြင်းမရှိသည့် စွမ်းအင်အရင်းအမြစ်များပင်ဖြစ်သည်။

မိမိတို့နိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းနိုင်ရေးဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ပြီး လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းပါးသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) ကို တိုးမြှင့်အသုံးပြုနိုင်ရေးမှာ အရေးပါသည်။ လက်ရှိနိုင်ငံတော်၏ ဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်အချိုးအစား (Generation Mix)အနေဖြင့် ရေအားမှ ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင်မှ ၁ ဒသမ ၇ ရာခိုင်နှုန်း၊ အပူစွမ်းအင် (သဘာဝဓာတ်ငွေ့၊ ရေနံဓာတ်ငွေ့ရည်၊ ကျောက်မီးသွေး)မှ ၅၀ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်၏ ၆၆ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းပေးနေခြင်းဖြစ်သည်။ နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းတိုးတက်လျက်ရှိသည့်အတွက် မူလလိုအပ်ချက်နှင့် နှစ်စဉ်တိုးတက်နေသည့် လိုအပ်ချက်တို့ကို လိုက်မီအောင်ဖြည့်ဆည်းပေးနိုင်ရန် များစွာကြိုးပမ်းအားထုတ်ရဦးမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မိတ္ထီလာခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များအား ဇန်နဝါရီ ၁၀ ရက်က တွေ့ဆုံအမှာစကားပြောကြားရာတွင် “လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် မိမိတို့အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိတ္ထီလာသည် မိုးရွာရက်နည်းသည့် ဒေသဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှဆောင်ရွက်သည့် စီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်းလိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနိုင်မှုနှင့်ပတ်သက်၍ အကြမ်းဖက်သမားများ၏ဖျက်ဆီးမှုများ၊ အချို့စက်ရုံများအနေဖြင့် စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းများ၊ ဓာတ်ငွေ့လိုအပ်ချက် မပြည့်မီမှုများကြောင့် အခက်အခဲများရှိကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတော်က အကောင်အထည်ဖော်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများကို ကန့်ကွက်မှုများလည်းရှိနေရာ အမြန်ဆုံးအကောင်အထည်ဖော်၍ရသည့် ဆိုလာစနစ်ကို နိုင်ငံတော်ကအားပေးဆောင်ရွက်နေပြီး လုပ်ငန်းရှင်များကလည်း တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

နေရောင်ခြည်စွမ်းအင်သည် ကမ္ဘာပေါ်တွင် အပေါများဆုံးစွမ်းအင် များထဲတွင်ပါဝင်သကဲ့သို့ မိမိတို့နိုင်ငံ၏ရာသီဥတုနှင့်လည်း ကိုက်ညီသည်။ အထူးသဖြင့် မိုးနည်းရပ်ဝန်းဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ လူနေအိမ်များနှင့် စက်မှုလက်မှုလုပ်ငန်းများအတွက် နေစွမ်းအင်မှရရှိသော လျှပ်စစ်အပူ၊ အလင်းတို့ကို ကောင်းစွာထုတ်ယူ သုံးစွဲနိုင်သည်။ နေစွမ်းအင်မှ တစ်နိုင်တစ်ပိုင်ဓာတ်အားထုတ်လုပ်ရာတွင် ကနဦးရင်းနှီးမြှုပ်နှံမှုအတွက် တစ်လုံးတစ်ခဲတည်းကုန်ကျမှုရှိရာ အချို့အခက်အခဲရှိနိုင်သည်။ ယင်းအတွက် အရစ်ကျစနစ်၊ ဘဏ်ချေးငွေစနစ်တို့ဖြင့် တစ်နည်းနည်းဆောင်ရွက်မည်ဆိုပါက ရေရှည်တွင် ဓာတ်အားခကုန်ကျငွေကို ပြန်ထေမိပြီး အရင်းကျေသွားမည်ဖြစ်သည့်အပြင် ကုန်ကျစရိတ်သက်သာစေမည်ဖြစ်သည်။ နိုင်ငံအချို့တွင် တစ်နိုင်တစ်ပိုင်ထုတ်လုပ်သည့် နေစွမ်းအင်လျှပ်စစ်မှ ပိုလျှံသည်များကို ပြန်လည်ရောင်းချပြီး ဝင်ငွေရရှိကြကြောင်း သတင်းများတွင်တွေ့ရှိရာ တစ်နိုင်တစ်ပိုင် နေစွမ်းအင်သုံးဓာတ်အားထုတ်လုပ်မှုမှ ကိုယ်ပိုင်သုံးစွဲနိုင်သည့်အပြင် ဝင်ငွေပါရရှိနိုင်ခြင်းဖြစ်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်သုံးစွဲရရှိရေးအတွက် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်လျက်ရှိရာ လက်ရှိအခြေအနေများအရ အခက်အခဲများစွာ ရုန်းကန်ကျော်ဖြတ်ကြရမည်ဖြစ်သည်။ နေရောင်ခြည်စွမ်းအင်ကို မိမိတို့လိုအပ်ချက်နှင့်အညီ ရင်းနှီးမြှုပ်နှံထုတ်လုပ်သုံးစွဲခြင်းဖြင့် စီးပွားရေး၊ လူမှုရေးကဏ္ဍတို့ အရှိန်အဟုန်မပြတ်လည်ပတ်၍ ဖွံ့ဖြိုးတိုးတက်နိုင်ကြပါမည့်အကြောင်း။ ။