ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ပေါ်ရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများရှိနေကြောင်းနှင့် သက်ဆိုင်ရာက ကာကွယ်ကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းများ ကြားသိရပြီး မီဒီယာအချို့တွင်လည်း တွေ့ရှိရသည်။ ယခုနှစ် ဩဂုတ်လအတွင်းကလည်း ရန်ကုန်မြို့ရှိ မြို့နယ်အချို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးမှုများ၊ ကုသမှုများပြုလုပ်ပေးခဲ့ရသည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းရောဂါဖြစ်ပွားစေသည့် ကာလဝမ်းရောဂါပိုး(Vibrio Cholerae) ကဲ့သို့သော ရောဂါပိုးများပါသည့် မသန့်သောရေနှင့် မသန့်သောအစားအစာများကို စားသောက်မိခြင်းမှ ကူးစက်ဖြစ်ပွားခြင်းဖြစ်သည်။ ကာလဝမ်းရောဂါပိုးသည် ရောဂါဖြစ်သူစွန့်ပစ်လိုက်သည့် မစင်တွင်ပါဝင်လျက်ရှိသည့် ဆီးစေ့အရွယ်အစားခန့်ရှိ မစင်တစ်ဂရမ်ပမာဏတွင် လူကိုရောဂါဖြစ်ပြီး သေစေနိုင်သည့် ဗိုင်းရပ်စ်ပိုး ၁၀ သန်းခန့်၊ ဗက်တီးရီးယားရောဂါပိုးတစ်သန်းခန့်၊ သန်ကောင်၊ ဝမ်းကိုက်ပိုးတို့ကဲ့သို့ ကပ်ပါးရောဂါပိုးပေါင်း ၁၀၀၀ ခန့်၊ ကပ်ပါးရောဂါပိုးဥ (ဥပမာ-သန်ဥ) ၁၀၀ ခန့် ပါဝင်လျက်ရှိသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် အခြားကူးစက်ရောဂါအများအပြားကို ကာကွယ်နိုင်ရန်အတွက် လက်သန့်ရှင်းရေး၊ အစားအစာသန့်ရှင်းရေး၊ သောက်သုံးရေသန့်ရှင်းရေး၊ အိမ်သာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဟူသည့် သန့်(၄)သန့်တို့ကို အလေးဂရုပြုဆောင်ရွက်ကြရန် ကျန်းမာရေးပညာရှင်များက မပြတ်နှိုးဆော်သတိပေးလျက်ရှိသည်။
မသန့်ရှင်းသောလက်များဖြင့် ကိုင်တွယ်ထားသည့် ငွေစက္ကူများ၊ တံခါးလက်ကိုင်များ၊ တယ်လီဖုန်းနှင့် ပန်းကန်ခွက်ယောက်များတွင် လူ့မစင်မှ ရောဂါပိုးများကပ်ငြိနေနိုင်ရာ ယင်းနည်းလမ်းများဖြင့် အခြားသူများသို့ ကူးစက်စေနိုင်သည်။ အိမ်တွင် ထမင်းဟင်းချက်ပြုတ်သူများ၊ စားသောက်ဆိုင်များတွင် အစားအစာချက်ပြုတ်သူများ၊ စားသောက်ဖွယ်ရာ ပြင်ဆင်ပေးသူများနှင့် စားပွဲထိုးတည်ခင်းသူများ၊ ကျန်းမာသန့်ရှင်းရန်၊ အထူးသဖြင့် လက်သန့်ရှင်းရန်လိုသည်။ ထိုသူများ လက်မသန့်ရှင်းပါက လူပေါင်းများစွာကို ခဏအတွင်းမှာပင် ရောဂါဖြန့်ဝေပေးသကဲ့သို့ ကူးစက်ပျံ့နှံ့စေနိုင်သည်။ သို့ဖြစ်ရာ လက်ကို သန့်ရှင်းစွာဆေးကြောခြင်းသည် ဝမ်းပျက်ဝမ်းလျှော၊ ကာလဝမ်း ရောဂါအပါအဝင် ကူးစက်နိုင်သည့် ရောဂါအတော်များများကို စရိတ်အသက်သာဆုံးနှင့် အလွယ်ကူဆုံးကာကွယ်သည့် နည်းလမ်းဖြစ်သည်။
ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုပုံစံတွင် သန့်ရှင်းသည့် သောက်သုံးရေကို နေ့စဉ်မှန်မှန် လုံလောက်စွာသောက်သုံးနိုင်ရန်လိုသည်။ သန့်ရှင်းသော သောက်သုံးရေသည် အရောင်အဆင်း၊ အနံ့၊ အရသာ၊ အနည်အမှုန်နှင့် ရောဂါပိုးမွှားတို့ ကင်းစင်သည့်ရေ။ ဓာတ်သတ္တုများပါဝင်မှု သင့်လျော်သည့် ပမာဏထက်မပိုသော ရေပင်ဖြစ်သည်။ သန့်ရှင်းသောရေကိုရယူသည့် ရေအရင်းအမြစ်နှင့် ရေသိုလှောင်သည့် နေရာများ၊ ရေသွယ်ယူသည့် ပိုက်လိုင်းများ စသည်တို့တွင် ရေညစ်ညမ်းစေမည့် အရာများနှင့် ဆက်စပ်နေမှုမဖြစ်စေရန်၊ လုံခြုံမှုရှိရန်လိုသည်။
အစားအစာသန့်ရှင်းရေးတွင် ယင်နားခြင်း၊ မသန့်ရှင်းသည့်ရေ၊ ရောဂါပိုးပါဝင်နေသည့် ရေဖြင့် အစားအစာပန်းကန်ခွက်ယောက်တို့ကို ဆေးကြောမိခြင်း၊ မသန့်ရှင်းသည့် လက်ဖြင့်အစားအစာကို ကိုင်တွယ်ပြင်ဆင်ချက်ပြုတ်ခြင်း၊ ပိုးဟပ်၊ ပုရွက်ဆိတ်ကဲ့သို့သော အင်းဆက်များ၊ ကြွက်၊ ကြောင်၊ ခွေး စသည့် တိရစ္ဆာန်များမှတစ်ဆင့် ရောဂါပိုးသယ်ဆောင်လာခြင်း၊ မသန့်ရှင်းသောရေဖြင့် လောင်း၍ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များနှင့် သား၊ ငါး၊ ဥတို့မှ ရောဂါပိုးများ ပါဝင်လာနိုင်သည်။ သို့ဖြစ်၍ လက်ကိုစင်ကြယ်အောင် ဆေးကြောရန်၊ ပန်းကန်ခွက်ယောက်များကို သုံးရေသန့်နှင့် ဆေးကြောရန်၊ အစားအစာကို ယင်မနားအောင်ဖုံးအုပ်ထားရန်နှင့် ပူပူနွေးနွေးချက်ပြုတ်စားသောက်ရန်၊ သားငါးများကို ကိုင်တွယ်ပြီးတိုင်း လက်၊ ဓား၊ စဉ်းတီတုံးတို့ကို သန့်ရှင်းအောင် ဆေးကြောရန်တို့ကို ကျန်းမာရေးပညာရှင်များက အသိပညာပေးထားသည်။
သန့်(၄) သန့်တွင် ကျန်းမာရေးနှင့်ညီညွတ်သော ယင်လုံအိမ်သာ သုံးစွဲရေး သို့မဟုတ် ပတ်ဝန်းကျင်သန့်ရှင်းရေးကိုလည်း အထူးဂရုပြုရန်လိုသည်။ ကျန်းမာရေးနှင့်ညီညွတ်သည့် ယင်လုံအိမ်သာဆိုသည်မှာ လူ့မစင်အညစ်အကြေးသည် ရေ၊ မြေ၊ လေ၊ ပိုးမွှား၊ တိရစ္ဆာန်တို့ကြောင့် လူတို့ထံပြန်မရောက်စေရန် စနစ်တကျ စွန့်ပစ်၊ သိုလှောင်၊ ဖုံးအုပ်ထားရှိ အသုံးပြုသည့် အိမ်သာမျိုးဖြစ်သည်။ အိမ်သာကို သန့်ရှင်းရေးမှန်မှန်ပြုလုပ်ပြီး အနံ့အသက်ကင်းကင်း သန့်ရှင်းစွာထားရှိသုံးစွဲရန်လိုသည်။
သန့်(၄)သန့်ကို ဂရုပြုလိုက်နာဆောင်ရွက်ခြင်းဖြင့် ကျန်းမာသည့် လူနေမှုပုံစံကိုရရှိကာ ကူးစက်ရောဂါများ၏ အန္တရာယ်များမှ လူတိုင်းရှောင်ရှားနိုင်ကြပါစေကြောင်း။ ။