လူသားအားလုံးအတွက် စား၊ ဝတ်၊ နေရေးအရေးသုံးပါးသည် နေ့စဉ်မလွဲမသွေ လိုအပ်လျက်ရှိသည့် အရေးကြီးသောအရေးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါအရေးကြီးသော လိုအပ်ချက်များကို အဆင်ပြေစွာ ဖြေရှင်းပေးနိုင်ရေးအတွက် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်စဉ်အချိန်မှစ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကို ခိုင်မာသည့် ထုတ်ကုန်လုပ်ငန်းများအဖြစ် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
စား၊ ဝတ်၊ နေရေးဟူသော အရေးသုံးပါးတွင် ဝတ်ရေးဖြစ်သည့် အဝတ်အထည်များသည် လူသားများမွေးဖွားချိန်မှစ၍ ဘဝတစ်လျှောက်လုံး မဖြစ်မနေအသုံးပြုရ သောပစ္စည်းဖြစ်သည်။ အဝတ်အထည်၊ အသုံးအဆောင်ဖူလုံရေးမှာ လူ့ဘဝတွင်အရေးကြီးလှသည်။ ထို့ကြောင့် ပြည်တွင်းဖြစ် အဝတ်အထည်ဖူလုံရေးအတွက် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဝါမှ တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေရသည်။ ဝါစိုက်ပျိုးရေးကို ခေတ်အဆက်ဆက် ဆောင်ရွက်နိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်မှစ၍ ဝါစိုက်ပျိုးမှု အထွက်နှုန်း လျော့ကျလာခဲ့သည်ကို တွေ့ရသည်။
နိုင်ငံအတွင်း ဝါစိုက်ပျိုးနိုင်သည့်ဒေသများတွင် အထွက်နှုန်းကောင်းပြီး အဆင့်မီချည်ထည်ထုတ်လုပ်နိုင်သည့် ချည်မျှင်ရှည်ဝါမျိုးများ စိုက်ပျိုးရေးကို အားပေးဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ဝါစိုက်ပျိုးရေးအောင်မြင်စေရန် အခြေအနေကောင်းများရှိနေသော်လည်း ပြည်ပမှနှစ်စဉ် ချည်နှင့်ပိတ်ထည်များကို ပမာဏများစွာ တင်သွင်းနေရသည်။ ထို့ကြောင့် ဝါစိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်ပြီး နိုင်ငံတကာအဆင့်မီချည်ထည်များ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ချည်ထည်များကို အထည်ချုပ်လုပ်ငန်းများ၌ဖြစ်စေ၊ ပြည်ပသို့ ပြန်လည်တင်ပို့ခြင်းဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်မှသာ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားငွေလုံလောက်မှု ရှိမည်ဖြစ်သည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သည့် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့အနေဖြင့် အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်သည့် ဝါမျိုးကောင်းမျိုးသန့်များကို စိုက်နည်းစနစ်မှန်ကန်စွာဆောင်ရွက်ပြီး ဝါအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံများ၊ ချည်မျှင်နှင့်အထည် စက်ရုံများကို အဆင့်မြှင့်တင်ပေးပြီး ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံတွင် သဘာဝကပေးထားသော စိုက်ပျိုးရေးဆိုင်ရာ အခြေခံကောင်းများကို ထိရောက်စွာအသုံးချပြီး နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်စေမည့် စက်မှုထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်မှသာ စိုက်ပျိုးရေးကိုအခြေခံသည့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်လာမည်။ မြန်မာနိုင်ငံတွင် စက်မှုကုန်ကြမ်း သီးနှံအမျိုးမျိုးထွက်ရှိသည့်အနက် ဝါစိုက်ပျိုးရေးကဏ္ဍတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဝါစိုက်ပျိုးသူတောင်သူများအနေဖြင့် နိုင်ငံတော်၏ ဝါစိုက်ပျိုးမှု၊ ဝါထွက်ရှိမှုတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုဖွင့်လှစ်လိုက်သည့် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)မှ တပ်မတော်အတွက် လိုအပ်သည့်အထည်များသာမက နိုင်ငံ၏အထည်လိုအပ်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်သည်။
၂/၈၀ ချည်ချောစက်ရုံခွဲကို ဖွင့်လှစ်နိုင်သည့်အတွက် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ) အနေဖြင့် ပြည်တွင်း၌ လိုအပ်နေဆဲဖြစ်သည့် အရည်အသွေးကောင်းမွန်သည့် နိုင်ငံတကာအဆင့်မီချည်ထည်များ ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။ ယခင်က အဆိုပါစက်ရုံကို အဆင့်မြှင့်တင်ခြင်း၊ စက်အသစ်များ ပြောင်းလဲတပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း အဆင့်မြင့် ၂/၈၀ ချည်ထည်များ ထုတ်လုပ်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။ ထို့ကြောင့် ၂/၈၀ ချည်များကို ပြည်တွင်းမှထွက်ရှိသည့်ဝါများနှင့် ထုတ်လုပ်နိုင်ရေးစက်ပစ္စည်းများကို ဖြည့်ဆည်း ပေးခဲ့ရာ ယခုအခါ ချည်ချောများကို စတင်လည်ပတ်ထုတ်လုပ်နိုင်ပြီဖြစ်သည်။ ယခုတည်ဆောက်တပ်ဆင်ပြီးစီးခဲ့သည့် စက်ရုံသည် စက်စွမ်းအားပြည့် လည်ပတ် မည်ဆိုပါက တစ်ရက်ချည်ပေါင်ချိန် ၄၈၄၀၊ တန်အားဖြင့် နှစ်တန်ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ရာ ၂/၈၀ ချည်ချောများကို ပြည်သူလူထုအတွက် လိုအပ်သည့်အထည်အလိပ်များ ရက်လုပ်နိုင်မည်ဖြစ်ပြီး ပိုလျှံသည်များကို ပြင်ပဈေးကွက်သို့ ဖြန့်ချိပေးနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် အဆင့်မီအဝတ်အထည်နှင့်အထည်အလိပ်များ ထုတ်လုပ်ပေးနိုင်မည့်၊ မြန်မာ့အဝတ်အထည်လောကကို တစ်ခေတ်ဆန်းသစ်စေမည့် ယခုစက်ရုံမှအစပြု၍ တစ်နိုင်ငံလုံး၊ ပြည်သူလူထု တစ်ရပ်လုံး၊ အထည်အလိပ်အထောက်အကူပြု MSME လုပ်ငန်းစဉ်များအားလုံး ဦးတည်ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။