Skip to main content

ဘေးအန္တရာယ်ပြမြေပုံနှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံများ ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၄

ဘေးအန္တရာယ်ပြမြေပုံ(Hazard Map)နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံ (Risk Map) များရေးဆွဲနိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြေပုံရေးဆွဲနိုင်ရေး နည်းပညာပိုင်းဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ တက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး ဒေါက်တာရင်ရင်နွယ်က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုမိုးရာသီကာလအတွင်း တိုင်ဖွန်းရာဂီနှင့် အနောက်တောင်မုတ်သုံလေ အားကောင်းခြင်းတို့၏ သက်ရောက်မှုများကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဒေသအချို့၌ ရေကြီးရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်းအစရှိသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှုများမှနောင်တွင် လျော့ပါးသက်သာစေရေးနှင့် သဘာဝဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ထိရောက်သည့် ကြိုတင်ပြင်ဆင်နိုင်မှုများ ဆောင်ရွက်စေနိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးက ဆုံးဖြတ်ခဲ့သည့် သဘာဝဘေးကြောင့် ထိခိုက်မှုများနှင့်ပတ်သက်၍ Damage Assessment များ ဆောင်ရွက်ကာ ဒေသအလိုက် ဖြစ်လာနိုင်ခြေရှိသည့် သဘာဝဘေးများကိုဖော်ထုတ်နိုင်ရေးအတွက် Risk Map နှင့် Hazard Map များ ရေးဆွဲပြုစုခြင်းကို ဆောင်ရွက်နိုင်ရန် ညှိနှိုင်းခြင်းဖြစ်ကြောင်း၊ Hazard Mapping ဆောင်ရွက်နိုင်စေရေး လိုအပ်ချက်များ ဖော်ထုတ်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများက လည်း ဌာနအလိုက်ရှိပြီးဖြစ်သည့် အချက်အလက်များကိုအသုံးပြု၍ Hazard Map များ ရေးဆွဲနိုင်ရေး ပံ့ပိုးဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယခင်ကတည်းက ဒေသအလိုက်အချို့သော Hazard Map များ ရှိပြီးဖြစ်သော်လည်း ယခုရာဂီကဲ့သို့ ထူးခြားဖြစ်စဉ်မျိုးကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်လာကြောင်း၊ AI , GIS နှင့် Remote Sensing ကဲ့သို့ ခေတ်မီနည်းပညာများ အသုံးပြုပြီး Hazard Map နှင့် Risk Map များ ဘေးဖြစ်နိုင်ခြေအလိုက် ဆောင်ရွက်ကြရန် ဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာရှုထောင့်အလိုက် အကြံပြုဆွေးနွေးအဖြေရှာကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်က Hazard Mapping ဆောင်ရွက်နိုင်ရန် GIS ကျွမ်းကျင်သူ၊ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်သူများ လိုအပ်မည်ဖြစ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ Mapping ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်အမျိုးအစားအလိုက် လိုအပ်မည့် Data များလည်း ကွာခြားမည်ဖြစ်ကြောင်း၊ Table များဖြင့် ပြုစုထားသည့် Data များ အပြင် Presentation ပြုလုပ်နိုင်မည့် Data များအဖြစ် Geospatial Data များလည်း လိုအပ်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် Map နှင့် Data များ ပေါင်းစပ်ဖော်ပြနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ လိုအပ်သည့် နည်းပညာဆိုင်ရာအကူအညီများ ရရှိနိုင်ရေးအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်အကြံပြုဆွေးနွေးသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက ဘာသာရပ်အလိုက်၊ လုပ်ငန်းအလိုက် Risk Map နှင့် Hazard Map ရေးဆွဲရာတွင် ဌာနများအလိုက်ရှိပြီးဖြစ်သည့် အချက်အလက်များ၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်မှုများ၊ ရရှိနိုင်မည့်အရင်းအမြစ်များနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးအကြံပြုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်