Skip to main content

လူကိုယ်တိုင်သွားရောက်၍ အခကြေးငွေကုန်ကျမှုမရှိဘဲ ဆောင်ရွက်နိုင်

မြန်မာလူမျိုးတို့ ရုံးပြင်ကနားကို ကြောက်တတ်ကြသည်မှာ ရှေးကတည်းကပင်ဖြစ်၍ ယနေ့ခေတ်အထိလည်း ကြောက်မြဲ၊ ကြောက်ဆဲတို့ရှိကြသေးသည်။ ပဒေသရာဇ်ခေတ်နှင့် ကိုလိုနီခေတ်တို့တွင် ရုံးဌာနများသည် အစိုးရအုပ်ချုပ်ရေး ယန္တရားများတွင်ပါဝင်၍ ပြည်သူများ၏ အထက်တွင်ရှိပြီး အဆိုပါယန္တရားများမှ ဝန်ထမ်းများမှာလည်း အလိုလိုနေရင်း ပြည်သူများ၏ အထက်သို့ရောက်နေသည်ဟု ယူဆကြသည်။ အချုပ်တန်းဆရာဖေ ရေးသားသည့် တေးထပ်ထဲကကဲ့သို့ “စာဇင်တောင် ဦးချလို့၊ ပလူးရပြေးကြို့ခါခါ၊ ခွေးသို့ပမာ...” ဆိုသည့် အဖြစ်မျိုးမှာ တာဝန်နှင့်လုပ်ပိုင်ခွင့်ကိုအကြောင်းပြု၍ ပြည်သူကိုအာဏာပြတတ်ကြသည့် ဝန်ထမ်းဆိုးတို့ကြောင့်ဟု ရှုမြင်နိုင်သည်။ အခြားရှုထောင့်မှကြည့်ပါက ဗဟုသုတနည်းပါးမှု၊ ပညာနည်းပါးမှုနှင့် မိမိတို့ကိုယ်တိုင် အားနည်းချို့ယွင်းမှုတို့ကြောင့် စာဇင်ဟု ဗမာသံဖြင့် ခေါ်ဆိုခဲ့ကြသည့် ပုလိပ်ဆာဂျင်အဆင့်မျှကို ဦးချခဲ့ကြသူများရှိခဲ့ခြင်းဟုလည်း ဆိုရမည်ဖြစ်သည်။

ခေတ်ကာလများ ပြောင်းလဲခဲ့ပြီးသည့်နောက်မျက် မှောက်ခေတ်တွင်မူ နိုင်ငံတော်တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများမှာ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် (Good Governance) ကို အကောင်အထည်ဖော်သူများဖြစ်လာသည်။ Governance ခေါ် အခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံ၏အဖွဲ့အစည်းအသီးသီးတို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်မှန်ကန်စွာကျင့်သုံးရန်နှင့် ယေဘုယျစံသတ်မှတ်ချက်များနှင့် ကိုက်ညီရန်မှာ နိုင်ငံ့ဝန်ထမ်းများ၏ တာဝန်ပင်ဖြစ်သည်။ ထို့အပြင် နိုင်ငံ့သစ္စာကို စောင့်သိရိုသေရန်၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာရန်၊ ပြည်သူ့အကျိုးစီးပွားကို အလေးထားရန်၊ တာဝန်ကျေပွန်ရန်နှင့် ရိုးသားဖြောင့်မတ်ရန်၊ မိမိအရည်အချင်းကို အစဉ်မြှင့်တင်နေရန်၊ အထက်အမိန့်ကို လိုက်နာရန်၊ အကျင့်စာရိတ္တပျက်ပြားခြင်းကို ရှောင်ကြဉ်ရန်၊ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာလာဘ်ပေးလာဘ်ယူပြုခြင်းကို ရှောင်ကြဉ်ရန် စသည်ဖြင့် ကျင့်ဝတ်များစွာကိုလည်း လိုက်နာကြရသည်။ သို့ဖြစ်ရာ ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသည့် အများပြည်သူဝန်ဆောင်မှုဆိုင်ရာဌာနများမှ ဝန်ထမ်းများမှာလည်း ပြည်သူလူထုကို ဝန်ဆောင်မှုပေးနေကြသူများဟု နားလည်ထားကြရမည်ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားအတု၊ Unique ID (UID) အတုများဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ပေးနေသူ ပွဲစား ၂၃ ဦးကို သက်ဆိုင်ရာက စစ်ဆေးဖော်ထုတ်ပြီး တရားစွဲဆိုအမှုဖွင့်ခဲ့သည်။ ယင်းနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူများသို့ အသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ “ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ၏ မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူ၍ ငွေကြေးရယူအမြတ်ထုတ်သူများအား ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် e-ID စနစ်ဖြင့် UID နံပါတ်ရယူလိုသည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများတွင် မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်အတူ လူကိုယ်တိုင်သွားရောက်၍ အခကြေးငွေကုန်ကျမှုမရှိဘဲ ဆောင်ရွက်နိုင်ပါကြောင်း၊ လုပ်ငန်းဆိုင်ရာ အခက်အခဲများရှိပါက အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏ facebook စာမျက်နှာဖြစ်သည့် www.facebook.com/elDDept မှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း”ဟူ၍ ဖော်ပြထားသည်။ ပြီးခဲ့သည့် မေလအတွင်းကလည်း UID ရရှိရေးအတွက် ငွေကြေးသောင်းဂဏန်းမှ သိန်းဂဏန်းအထိ ကြားပွဲစားများကိုပေး၍ ဆောင်ရွက်ကြပြီး UID နံပါတ်အတုများ ကိုင်ဆောင်အသုံးပြုမှုများ ထွက်ပေါ်လာခြင်းကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးကြေညာချက်များ ထုတ်ပြန်ခဲ့ရသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်း၊ Unique ID (UID) ပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ်ပြုလုပ်ခြင်းတို့သည် ခဲယဉ်းသည့်အလုပ်များမဟုတ်။ လိုအပ်သည့်အချက်အလက်၊ အထောက်အထားအပြည့်အစုံဖြင့် သက်ဆိုင်ရာမြို့နယ်ရုံး၊ ဒေသအလိုက် ဖွင့်လှစ်ထားသည့် ရုံးများတွင် ကိုယ်တိုင်သွားလုပ်နိုင်သည်။ မိမိတို့သိလိုသည်များကို ဌာန၏ facebook page တွင် ကြည့်နိုင်သလို အခက်အခဲရှိပါကလည်း ဆက်သွယ်နိုင်သည်။ ငွေကြေးတောင်းခံမှုရှိပါကလည်း တိုင်ကြားနိုင်သည်။ နိုင်ငံရပ်ခြားသို့ပင် ထွက်ခွာကြမည့်သူများအဖို့ ရုံးပြင်ကနားဝင်ထွက်သွားလာရန် စိုးရွံ့မှု၊ ရုံးလုပ်ငန်းများအပေါ် မသိနားမလည်မှုတို့ကို ဖယ်ရှားကာ အသိအမြင်ဗဟုသုတပြည့်စုံစွာ ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် ငွေကြေးကုန်ကျဆုံးရှုံးမှုများ ရှောင်ရှားနိုင်ကြပါစေကြောင်း။   ။