Skip to main content

လွတ်လပ်ခွင့်သည် ဥပဒေနှင့်အညီသာ

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်များကို ဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြပါရှိသော စာအုပ်နှစ်အုပ် ထုတ်ဝေဖြန့်ချိမှုနှင့်ပတ်သက်၍ ပုံနှိပ်သူနှင့် ထုတ်ဝေသူတို့၏ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ပြန်ကြားရေးဝန်ကြီးဌာနက ပြန်လည်ရုပ်သိမ်းလိုက်ပြီး ယင်းစာအုပ်များကိုလည်း တရားမဝင်ထုတ်ဝေစာများအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် ပုံနှိပ်သူနှင့် ထုတ်ဝေသူတို့အား ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းပြီးနောက် ရွေးကောက်ခံအစိုးရများ တက်ရောက်လာချိန်မှစကာ စာနယ်ဇင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်စသည့်အခွင့်အရေးများကို အလွဲသုံးစားပြုပြီး အညှီအဟောက်စာပေ၊ ညစ်ညမ်းဝတ္ထုစာအုပ်တချို့ ထွက်ရှိလာခဲ့သည်။ ယင်းစာအုပ်များနှင့် စပ်လျဉ်း၍ ရှုထောင့်အမျိုးမျိုးမှ ဝေဖန်မှုများ၊ ရှုတ်ချမှုများလည်း ပေါ်ထွက်လာခဲ့ကြသည်။ အများစုက ရှုတ်ချကြခြင်းဖြစ်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြသူများလည်းရှိသည်။ ညစ်ညမ်းစာပေ ရေးသားထုတ်ဝေမှုအပေါ် ထောက်ခံသူ တစ်ယောက်စ၊ နှစ်ယောက်စတို့ကမူ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်၊ အနုပညာလွတ်လပ်စွာ ဖန်တီးခွင့်တို့ကို အကြောင်းပြ၍ မလုံမလဲ အကာအကွယ်ယူကြသည်ကိုလည်း တွေ့ရသည်။ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်သည် ရေးသူ၏ အခွင့်အရေးဖြစ်ပြီး မကြိုက်ရင် မဖတ်နဲ့၊ ကိုယ်ကြိုက်ရာ ရွေးချယ်ဖတ်ဟူ၍ တရားလက်လွတ်၊ တာဝန်မဲ့ ဆင်ခြေပေးမှုကိုလည်း တွေ့ရသည်။

တရားမဝင် ထုတ်ဝေစာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့သည့် စာအုပ်နှစ်အုပ်မှာ စာရေးသူ Mahuyar ရေးသားသည့် “ 1500 miles to you” နှင့် “အမုန်းနဲ့ပျိုးတဲ့ချစ်ခြင်းအလင်္ကာ” အမည်ရှိ စာအုပ်များဖြစ်သည်။ ယင်းစာအုပ်များတွင် ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြပါရှိသည်ဟုဆိုရာ ထုတ်ဝေစာတစ်ခုသည် နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက် အကျိုးမပြုနိုင်စေကာမူ အဆိပ်အတောက်မဖြစ်စေသင့်၊ အကျိုးမယုတ်စေသင့်ဟု နားလည်နိုင် သည်။ သတင်းမီဒီယာများအပါအဝင် စာပေ၊ ရုပ်ရှင်၊ ဂီတစသည်တို့မှာ လူ့အဖွဲ့အစည်းအပေါ်တွင် ဩဇာသက်ရောက်နိုင်စွမ်းရှိသည့် Soft Power များ ဖြစ်ကြသည်။ အထူးသဖြင့် လူငယ်များကို ပစ်မှတ်ထား၍ ရေးသားထုတ်ဝေလာခြင်းက နိုင်ငံ၏အနာဂတ် လူသားအရင်းအမြစ်များအပေါ် တိုက်ရိုက်ထိခိုက်စေသည်။

လက်ရှိမိမိတို့နိုင်ငံ၏ အခြေအနေမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အခက်အခဲများစွာကြားမှ ရုန်းကန်တည်ဆောက်နေရချိန်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားတို့၏ ပညာရေးအဆင့်အတန်း၊ စိတ်ဓာတ်နှင့် တွေးခေါ်မြော်မြင်မှုရေချိန်တို့ မြင့်မားလာစေရန် ကြိုးပမ်းမြှင့်တင်ဖို့ လိုအပ်နေချိန်ဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ လူဦးရေအချိုးနှင့် ဘွဲ့ရပညာတတ်အချိုးတို့ ကွာဟနေချိန်၊ ပျမ်းမျှပညာအရည်အချင်း အခြေခံပညာအလယ်တန်းအဆင့်မျှသာရှိနေချိန်တွင် ယခုကဲ့သို့ ညစ်ညမ်းစာများ ဖော်ပြပါရှိသည့် စာအုပ်မျိုးကို ရေးသားခြင်း၊ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းတို့က မိမိတို့၏ စီးပွားရေးအကျိုးအမြတ်မျှကိုသာကြည့်ပြီး တာဝန်ယူမှုကင်းမဲ့ခြင်းဖြစ်သည့်အပြင် လူ့အဖွဲ့အစည်းကိုလည်း အကျိုးယုတ်စေခြင်းဖြစ်သည်။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၌ပင်လျှင် လူတိုင်း၏ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့ကို အသိအမှတ်ပြု ပြဋ္ဌာန်းထားသည့်တိုင် မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် အခြားသူများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြုလေးစားရန်နှင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် တရားမျှတသော လိုအပ်ချက်များဖြစ်သည့် ကိုယ်ကျင့်တရား၊ အများပြည်သူအေးချမ်းသာယာရေးနှင့် အကျိုးဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းရန်အတွက် ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံးပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်ကို သတိချပ်ကာ လူတိုင်း မိမိတို့ရှင်သန်ဖွံ့ဖြိုးရာ လူ့အသိုက်အဝန်းအတွက် တာဝန်သိကြရပါမည့်အကြောင်း။ ။