မြန်မာတို့၏ ၁၂ လရာသီတွင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာပွဲတော်များ ကျင်းပလေ့ရှိသည့်အနက် တန်ဆောင်မုန်းလပြည့်နေ့တွင် နိုင်ငံတစ်ဝန်း၌ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများ ကျင်းပနေကြသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်ရသည်။ မြန်မာတို့အဖို့ ကုသိုလ်ကောင်းမှုအထူးထူးတို့ ရရှိကြသလို ထိုနေ့ထူးနေ့မြတ်အခါသမယတွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့် သာမညဖလသုတ်တရားတော် ရွတ်ဖတ်ပူဇော်နာကြားခြင်းကုသိုလ်ကိုလည်း ပြုလုပ်ကြရမည်ဖြစ်ပါသည်။
သာမညဖလအခါတော်နေ့ ဖြစ်ပေါ်လာရသည့်သမိုင်းကြောင်းသည် မြတ်စွာဘုရားရှင်လက်ထက် အဇာတသတ်မင်းကြီး၏ ဘဝဖြစ်စဉ်နှင့်ဆက်စပ်နေပါသည်။ သီလက္ခန္ဓဝဂ္ဂပါဠိတော် မြန်မာပြန်၌ ရဟန်းပြုရခြင်းအကျိုးကျေးဇူးကို သိလိုသဖြင့် မေးမြန်းလျှောက်ထားသော အဇာတသတ်မင်းကြီးကို မြတ်စွာဘုရားရှင်က တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်အခါ၌ ရာဇဂြိုဟ်မြို့အနီး ဇီဝကသရက်ဥယျာဉ်တော်တွင် သာမညဖလသုတ်တော်ကို ဟောကြားတော်မူသည်။ သာမညဖလသုတ်တရားတော်ကို နာယူခွင့်ရသည့်အခါ အဇာတသတ်မင်းကြီးသည် ရတနာသုံးပါးကို ကြည်ညိုသည့် သာသနာပြုမင်းကောင်းမင်းမြတ်ဖြစ်လာခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ်တော်ကို အဇာတသတ်မင်းကြီးအား ဟောကြားတော်မူခဲ့သည်ကိုအကြောင်းပြု၍ သာသနာတော် တည်ထွန်းပြန့်ပွားထွန်းကားခြင်း အကျိုးရလဒ်များကို ရရှိနေခြင်းဖြစ်ပါသည်။ သာမညဖလသုတ်တော်သည် သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် အကျိုးကျေးဇူးကြီးမားပါပေသည်။ သာသနာပြုအဇာတသတ်မင်းကြီးသည် ထေရဝါဒဗုဒ္ဓဘာသာ သန့်ရှင်းတည်တံ့ပြန့်ပွားစေရန် အရေးပါသော ပထမသင်္ဂါယနာတင်ပွဲကို ဖြစ်မြောက်အောင်မြင်အောင်ကူညီခဲ့သည်။ မြတ်ဗုဒ္ဓဘုရားရှင်၏ ဇာတ်နိပါတ်တော်များ မပျောက်မပျက်အောင် စုစည်းသိမ်းဆည်းပေးနိုင်ခဲ့သည်။
ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်၏ သမိုင်းမှတ်တမ်း တိကျခိုင်မာစေရေးအတွက် အရေးပါသော သာသနာတော်နှစ်ကို သတ်မှတ်ပေးခဲ့သည်။ မဟာသက္ကရာဇ် ၁၄၈ နှစ်ကို ပယ်ဖျက်၍ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူသည့် ကဆုန်လပြည့်နေ့မှစ၍ သာသနာတော်နှစ်ကို စတင်ခဲ့သည်။ အဇာတသတ်မင်းကြီး၏ အမြော်အမြင်ကြီးမားမှုကြောင့် ယနေ့ကာလတွင် မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိစဉ် ၄၅ ဝါ သို့မဟုတ် ၄၅ နှစ်၊ သာသနာတော်နှစ် ၂၅၆၈ နှစ်ပေါင်း၍ မြတ်ဗုဒ္ဓသာသနာ စုစုပေါင်း ၂၆၁၃ ဟု တိတိကျကျ ပြောနိုင်ရေးနိုင်ခြင်းဖြစ်သည်။ အဇာတသတ်မင်းကြီးကို အကြောင်းပြု၍ သာမညဖလအခါတော်နေ့ ဖြစ်ပေါ်လာရခြင်းကိုလည်းကောင်း၊ သံဃာတော်များကို ပူဇော်သည့် နေ့မြတ်အဖြစ်လည်းကောင်း ရည်ရွယ်၍ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ကို ရည်စူးပူဇော်ခြင်းသည်သာ အထူးသင့်မြတ်ကောင်းမွန် ပေသည်။
အစဉ်အလာကြီးမားသော တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလအခါတော်နေ့နှင့်အတူ မြန်မာပြည်တစ်ဝန်း၌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲများ၊ မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းပွဲများ၊ တန်ဆောင်တိုင်ဆီမီးထွန်းပူဇော်ပွဲများ၊ မီးပုံးပျံလွှတ်တင်ပွဲများအပြင် မိသားစုနှင့် မိတ်ဆွေအပေါင်းအသင်းများအချင်းချင်း မဲဇလီဖူးသုပ်ဝေငှလှူဒါန်းခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများသည် လျော်ကန်သင့်မြတ်ကောင်းမွန်သည့် အလှူမင်္ဂလာများဖြစ်သည်။ သို့သော် တန်ဆောင်မုန်းလပြည့်နေ့၏ အနှစ်သာရဖြစ်သည့် မြတ်စွာဘုရားရှင်နှင့် သံဃာတော်တို့ကို အထူးပူဇော်ခြင်း၊ သာမညဖလသုတ်တော်ကို ရွတ်ဖတ်ပူဇော်ခြင်းမှာ ပို၍ထူးမြတ်ပေသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပလေ့ရှိသော ဘာသာရေးပွဲတော်တစ်မျိုးမှာ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲဖြစ်သည်။ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကို များသောအားဖြင့် သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်လတို့တွင် တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ကိုယ့်ဒေသထုံးစံအတိုင်း ကျင်းပလေ့ရှိကြပါသည်။ မည်သို့မည်ပုံပင်ဖြစ်စေ နေ့ကြီးရက်မြတ်များတွင် ဘာသာရေးအစဉ်အလာပွဲများ ကျင်းပကြရာ၌ ဗုဒ္ဓသာသနာနှင့် ဖီလာဆန့်ကျင်သည့် အပျော်လွန်အပျော်အပျက်၊ သရုပ်ပျက်မှုများကိုမူ သတိပြုရမည်ဖြစ်သည်။ သာသနာတော်၏ ထူးကဲမွန်မြတ်သည့်အစဉ်အလာများကို ညစ်နွမ်းမှေးမှိန်စေနိုင်သည်။ ဗုဒ္ဓဘာသာဝင်အပေါင်းတို့အနေဖြင့် ကုသိုလ်အထူးကို ရည်ရွယ်ကြသလို သာသနာတော်ကိုလည်း ထိန်းသိမ်း စောင့်ရှောက်ကြစေချင်ပါသည်။
သို့ဖြစ်ရာ တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့သည် မိဘကို ပြစ်မှားစော်ကားမိသည့် အဇာတသတ်မင်းကြီးသည် တရားသံဝေဂနောင်တတစ်ဖန်ရပြီး မြတ်စွာဘုရားရှင် တရားရေအေးတိုက်ကျွေးပေးသည့် သာမညဖလသုတ်တော်ကို နာကြားရသဖြင့် သာသနာပြုမင်းကောင်းမင်းမြတ်တစ်ပါးဖြစ်လာပြီး သာသနာတော်ကြီး ထွန်းကားစည်ပင်ပြန့်ပွားလာအောင် ယနေ့ထက်တိုင် ဆောင်ကြဉ်းပေးနိုင်သည့် အကျိုးထူးများကိုဆင်ခြင်ကာ ဤနေ့ရက်မြတ်အခါကာလတွင် မြတ်စွာဘုရားရှင်နှင့် တပည့်သံဃာများကို ရည်မှန်းပူဇော်ခြင်း၊ ကုသိုလ်အထူးများ ပြုလုပ်ကြခြင်းဖြင့် ကောင်းကျိုးများ တိုးပွားပြုလုပ်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။