Skip to main content

သာမညဖလသုတ္တန်နှင့်အဇာတသတ်မင်း၏ ဂရုကံ

လတကာတို့တွင် တန်ဆောင်မုန်းလသည် အလှပဆုံး၊ အသာယာ ဆုံးဟု အဆိုရှိသည်။ “တန်ဆောင်” ဟူသည် မီးရှူး၊ မီးတိုင်၊ ဆီမီးဟု အဓိပ္ပာယ်ရ၍ “မှုန်း” ဆိုသည်မှာ တောက်ပစေခြင်း၊ ထွန်းညှိခြင်းဟူသော အဓိပ္ပာယ်ရှိသည်ဖြစ်၍ “တန်ဆောင်မုန်း” ဆိုသည်မှာ မီးရှူး၊ မီးတိုင်၊ ဆီမီးအလင်းရောင်တို့ တောက်ပသောလဖြစ်သည်ဟူ၍လည်း ဖွင့်ဆိုသည်။ တစ်နည်းအားဖြင့် အမိုက်မှောင်ကို မီးရှူးတန်ဆောင် အလင်းရောင်ဖြင့် ပယ်ရှားရှင်းလင်းသည့်ကာလလည်း ဖြစ်သည်။

တန်ဆောင်မုန်းလသည် ရှေးမြန်မာနာရီအားဖြင့် နေ့ ၂၈ နာရီ၊ ညဉ့် ၃၂ နာရီရှိရာ နေ့တာတို၍ ညတာရှည်သောလဖြစ်သည်။ ကြတ္တိကာနက္ခတ်သည် လမင်းနှင့်ယှဉ်ကာ ထွန်းလင်းတောက်ပ သည့် တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းကို စောင့်သည့်နတ်တို့ မဲဇလီပင်စောင့်နတ်မင်းကို တညီတညွတ်တည်း လာရောက်ခစားကြရာ မဲဇလီပင်သည် ဆေးပေါင်းခသည့်အပင်ဖြစ်သည်ဟု ရှေးကာလက ယုံကြည်ခဲ့ကြသည်။ မဲဇလီဖူးသုပ်ကို စားရခြင်းအားဖြင့် ရောဂါအမျိုးမျိုးတို့ ကင်းစင်စေသည်ဟုလည်း ရှေးခေတ်ဆေးကျမ်းများတွင် ဖော်ပြခဲ့ကြသည်။ တန်ဆောင်မုန်းလသည် မိုးလေတို့ ကင်းရှင်းအေးမြ၍ သာယာလှပသည့် အခါရာသီဖြစ်သည့်အလျောက် ဘာသာရေးအရ၊ ယဉ်ကျေးမှုဓလေ့ထုံးစံအရ ကျင်းပပြုလုပ်သည့် ပွဲလမ်းသဘင်များ အများအပြားရှိသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလအခါတော်နေ့ကျင်းပပြီး ကထိန်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပွဲ၊ မီးထွန်းပွဲ၊ မီးပုံးပျံလွှတ်ပွဲ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲ၊ နိဗ္ဗာန်ဈေးပွဲ၊ ဆွေမျိုးသားချင်း မိတ်ဆွေရင်းတို့အား မဲဇလီဖူးသုပ် ဝေငှပွဲတို့မှာ တန်ဆောင်မုန်းလကို အလှဆင်သည့် ပွဲသဘင်များပင်ဖြစ်သည်။

“အရှင်ဘုရား၊ လောကတွင် အဋ္ဌာရသဆယ့်ရှစ်ရပ်စသော အတတ်ပညာတို့သည် မျက်မှောက်လက်ငင်းအကျိုးတရားကို ခံစားရရှိသကဲ့သို့ ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသလားဘုရား” ဟူသော အဇာတသတ်မင်း၏ လျှောက်ထားမေးမြန်းချက်ကို မြတ်စွာဘုရားရှင်က တန်ဆောင်မုန်းလပြည့်ညတွင် သာမညဖလသုတ္တန်တရား ဟောကြားပြသခဲ့ခြင်းအား အကြောင်းပြု၍ “သာမညဖလအခါတော်နေ့” ပေါ်ပေါက်လာရခြင်းဖြစ်သည်။ သာမညဖလ၏အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏ အကျိုး” ဟူ၍ ဖြစ်ပြီး သာမညဖလသုတ်တော်မှာ ဒီဃနိကာယ်၊ သီလခန္ဓဝဂ္ဂပါဠိတော်တွင် ပါရှိသည်။ အဇာတသတ်မင်းသည် ဆီးနှင်း မြူတိမ် သူရိန် မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသည့် စိတ်နှလုံးကြည်နူးဖွယ် တန်ဆောင်မုန်းလပြည့်ညတွင် သဗ္ဗညုတ ဘုရားရှင်ထံမှ ရဟန်းပြုရခြင်း၏ အကျိုးဟူသော သာမညဖလသုတ္တန်တရားတော်ကို နာကြားရပြီးသည့်နောက်တွင် ပဉ္စာနန္တရိယကံကြီး ဖိစီးမှုကြောင့် အချိန်နှင့်အမျှ ပူပန်ဆင်းရဲကာ အိပ်မပျော်နိုင်သည့်ရောဂါမှာ လုံးဝရှင်းရှင်းပျောက်ကင်းသွားခဲ့သည်။ မိမိ၏အပြစ်ကို ဘုရားရှင်ထံမှောက်တွင် ဝန်ချတောင်းပန်ကာ ရတနာသုံးပါးကို နှစ်နှစ်ကာကာ ယုံကြည်ကိုးကွယ်သူ သာသနာ့ဒါယကာမင်းတစ်ပါးဖြစ်လာခဲ့သည်။ ဗုဒ္ဓမြတ်စွာ ၄၅ ဝါပတ်လုံး ဟောကြားတော်မူခဲ့သည့် တရားတော်များကို စုရုံးမှတ်တမ်းတင်သည့် ပထမသင်္ဂါယနာတင် ဒါယကာမင်းဖြစ်ခဲ့သလို ဘုရားရှင်၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသည့်နှစ်မှစ၍ သာသနာသက္ကရာဇ်ကို သတ်မှတ်ပေးခဲ့ခြင်းစသည်ဖြင့် ဗုဒ္ဓသာသနာသမိုင်းတွင် မှတ်တမ်းဝင်သည့် ကုသိုလ်တော်များကို ပြုလုပ်ခဲ့သည်။

အဇာတသတ်မင်းသည် အကုသိုလ်ကံများထဲတွင် အလေးဆုံးသော ကံဖြစ်သည့် ဂရုကံ ခေါ် ပဉ္စာနန္တရိယကံကို ကျူးလွန်ခဲ့သူဖြစ်သည်။ အမိကို သတ်ခြင်း၊ အဖကို သတ်ခြင်း၊ ရဟန္တာကို သတ်ခြင်း၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခြင်း၊ သံဃာကို ကွဲအောင်ပြုခြင်းတို့သည် သေသည်၏ အခြားမဲ့၌ အဝီစိငရဲသို့ ဧကန်ကျရောက်မည့် ဂရုကံများပင်ဖြစ်သည်။ အဇာတသတ်မင်းသည် ဘုရားရှင်ထံမှ သာမညဖလသုတ္တန်တရားတော်ကို နာကြားခွင့်ရခြင်း၊ သာသနာ့ဒါယကာမင်းအဖြစ် ကုသိုလ်အများအပြားပြုခဲ့ခြင်းတို့ကြောင့် မဟာအဝီစိငရဲသို့ မကျရောက်ခဲ့သည့်တိုင်အောင် ငရဲမှ ကင်းလွတ်ခွင့်ကိုမူ မရခဲ့။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးနှင့် အနန္တဂိုဏ်းဝင် အမိ၊ အဖ၊ ဆရာတို့အား ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကံသုံးပါးတို့တွင် တစ်ပါးပါးဖြင့် ကျူးလွန်ခြင်း၏ အပြစ်တို့ကို သာမညဖလအခါတော်နေ့အား အကြောင်းပြု၍ ထောက်ရှုဆင်ခြင်နိုင်ကြပါစေကြောင်း။ ။