Skip to main content

ပညာရည်မြင့်မား နိုင်ငံ့အင်အား

လာမည့် နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ၏ ပညာသင်နှစ်သစ် စတင်တော့မည်ဖြစ်သည်။ ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များစွာရှိနေသည့် မိမိတို့နိုင်ငံတွင် အဆင့်မြင့်ပညာတတ်မြောက်သူများ များစွာလိုအပ်လျက်ရှိပြီး နိုင်ငံတော်၏ အနာဂတ်အတွက် တစ်မျိုးသားလုံး ပညာရည်မြှင့်တင်ရေးလုပ်ငန်းကို အနည်းဆုံးငါးနှစ်မှ ၁၀ နှစ်အထိ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အချက်အလက်များအရ မိမိတို့နိုင်ငံတွင် အသက် ၅ နှစ်အထက် ကျောင်းမနေဖူးသူဦးရေ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ အသက် ၂၅ နှစ်အထက် လူဦးရေ ၁၂ ဒသမ ၈ သန်းသည် မူလတန်းအောက် ပညာအရည်အချင်းသာရှိနေသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်ကောင်း များစွာလိုအပ်သည့်အလျောက် နိုင်ငံတော်ကပညာရေးကို အားပေးလျက်ရှိပြီး အခြေခံပညာရေးတွင် တစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးနေသကဲ့သို့ အဆင့်မြင့်ပညာတတ်မြောက်သူများ ပေါများလာစေရေးအတွက်လည်း တက္ကသိုလ်၊ ကောလိပ်များ တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိသည်။

အခြေခံပညာသင်ယူမှုများ ပြီးဆုံးအောင်မြင်ပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ယူကြသည့်အခါတွင် ကျောင်းသား ကျောင်းသူတိုင်းက မိမိတို့၏ဘဝအတွက်ပါ မျှော်မှန်းကြိုးစား လေ့လာသင်ယူသွားကြရန်လိုသည်။ ပညာရေးပတ်ဝန်းကျင်အားဖြင့် တက္ကသိုလ်ပတ်ဝန်းကျင်သည် အခြေခံပညာသင်ယူခဲ့သည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများနှင့် များစွာကွာခြားသွားပြီဖြစ်သည်။ အခြေခံပညာအဆင့် သင်ကြားသင်ယူမှုတွင် ပို့ချသင်ကြားခြင်း (Teaching) က အဓိကဖြစ်ရာ ဆရာ၊ ဆရာမများက ဦးဆောင်ခြင်းဖြစ်ပြီး တက္ကသိုလ်များ၌ အဆင့်မြင့်ပညာသင်ကြားသင်ယူမှုများတွင် တွေးခေါ်လေ့လာသင်ကြားခြင်း (Studying) က အဓိကဖြစ်ရာ ကျောင်းသား ကျောင်းသူကိုယ်တိုင် အားထုတ်ကြရခြင်းဖြစ်သည်။ တက္ကသိုလ်ပတ်ဝန်းကျင်သို့ ရောက်ရှိလာသည့်အခါ စာပေပညာနှင့်အတူ လူမှုပေါင်းသင်းဆက်ဆံရေးလည်း ပါဝင်လာပြီး ပညာသင်ကြားမှုမှရသည့် တွေးခေါ်မြော်မြင်နိုင်မှုနှင့် တက္ကသိုလ်ပတ်ဝန်းကျင်မှရသည့် အတွေ့အကြုံ ဗဟုသုတတို့ကို မိမိတို့၏ အနာဂတ်ဘဝ တစ်လျှောက်တွင် အသုံးချကြရခြင်းဖြစ်သည်။

“ပညာတတ်ဖြစ်မှသာ လူ့ဘဝရှင်သန်ရပ်တည်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးများကိုရရှိပြီး စဉ်းစားတွေးခေါ်မှု၊ ပြဿနာကို ဖြေရှင်းတတ်မှု၊ ဝေဖန်ပိုင်းခြားတတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု စသည့်ပင်ကိုအရည်အသွေးများကို ပိုင်ဆိုင်လာသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပွင့်လန်းစေနိုင်မည်ဖြစ်ကြောင်း၊ အရည်အသွေးမြင့်သည့် ပညာရပ်များကို တတ်ကျွမ်းသူများသည် ဝင်ငွေကောင်းသည့် အလုပ်အကိုင်ကောင်းများကို ရရှိနိုင်ကြောင်း၊ ဆန်းသစ်တီထွင် ဖန်တီးတတ်သူ၊ ဉာဏ်ရည် မြင့်မားသူ၊ ဝီရိယရှိပြီး ကြိုးစားအားထုတ်သူများသည် သက်ဆိုင်ရာလုပ်ငန်းများတွင် အောင်မြင်သူများဖြစ်လာကြကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) သို့ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ ပညာခေတ်၏ ကျောင်းသား ကျောင်းသူများမှတ်သားကာ ပညာကိုအလေးအနက်ထား သင်ယူကြရန်ပင်ဖြစ်သည်။

နိုင်ငံသူ၊ နိုင်ငံသားတို့ ပညာရည်မြင့်မားခြင်းသည် နိုင်ငံ၏အားပင်ဖြစ်ရာ ပညာသင်ကြားခြင်းသည် မိမိဘဝရှေ့ရေးအတွက် ဖြစ်သကဲ့သို့ နိုင်ငံတော်တည်ဆောက်ရေးအတွက်လည်းဖြစ်သည်။ ဗလငါးတန်ပြည့်ဝပြီး အသိသုတ၊ ဉာဏ်ပညာ ပြည့်စုံသည့် လူငယ်ကျောင်းသား ကျောင်းသူများအဖြစ်ဖြင့် နိုင်ငံ၏အနာဂတ်အင်အားကို တောင့်တင်းခိုင်မာစေရပါမည့်အကြောင်း။ ။