Skip to main content

နိုင်ငံရေးနှင့် ရိုးသားမှု

နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စ၊ လူရေးလူမှုအစုစုဟူ၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ “နိုင်ငံရေးသဘောအမှန်မှာ ကျွန်ုပ်တို့လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်းမဟုတ်၊ နိမ့်ကျလွန်းသည်လည်းမဟုတ်၊ မျက်လှည့်ဗေဒင်လည်းမဟုတ်၊ အဂ္ဂိရတ်လည်းမဟုတ်၊ ကြောက်မက်ဖွယ်ကောင်းသော ကန္တာရခရီးလည်းမဟုတ်၊ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဇောနှင့်လုပ်သော အရေးကိစ္စလည်းမဟုတ်၊ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျက်ရှိသော အခြေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စသာလျှင်ဖြစ်ပေ၏။ အတိုချုပ်ဆိုရလျှင် နိုင်ငံရေးဆိုသည် မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်၏” ဟု ဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးသည် လူ့ကိစ္စ၊ လူ့အရေးကိုဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံရေးဆောင်ရွက်သူတိုင်း ရိုးသားကြရမည်၊ ရိုးသားရန် သင့်သည်သာဖြစ်သည်။ သို့ရာတွင် နိုင်ငံရေးနှင့်အတူ တွဲလျက်ပါရှိနေ သည်မှာ အာဏာဖြစ်သည်။ အာဏာဆိုသည်ကို အမြင့်ဆုံးသော လုပ်ပိုင်ခွင့်၊ ဘုန်းတန်ခိုးတေဇာအဖြစ် ရှုမြင်မက်မောသူ၊ အာဏာ လောဘဇောတိုက်သူတို့ကြောင့် နိုင်ငံရေးဆောင်ရွက်မှုများမှာ မရိုးသား၊ မရိုးရှင်းတော့။ နိုင်ငံသူနိုင်ငံသားတို့၏ အရေးကိစ္စအဝဝတို့ကို ကောင်းမွန်စေရန် အလုပ်အကျွေးပြုလိုခြင်း၊ သယ်ပိုး ထမ်းဆောင်လိုခြင်းထက် ရာဇပလ္လင်ထက်မှ အာဏာကို မက်မော တွယ်တာ ယစ်မူးလာသည့်အခါ နိုင်ငံရေးလောကသည် သန့်ရှင်းမှုမရှိတော့။ ယုတ်မာလာသည်၊ ညစ်ထည်းလာသည်။ ယင်းနှင့်ပတ်သက်၍ “နိုင်ငံရေးမည်သည် ယုတ်မာညစ်ထည်းသည်ဟု ဆိုရမည်လော။ စင်စစ်မှာ နိုင်ငံရေးသည် ယုတ်မာညစ်ထည်းသည်မဟုတ်၊ နိုင်ငံရေးကို ညစ်ထည်းအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းသာဖြစ်ပေ၏” ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ဆိုခဲ့သည်။

မြန်မာ့နိုင်ငံရေး ခေတ်အဆက်ဆက်တို့တွင် မရိုးသားမှု၊ ယုတ်မာညစ်ထည်းမှုတို့ကြောင့် နိုင်ငံ့သမိုင်းကြောင်း ပြောင်းလဲခဲ့ရသည်အထိ ရှိခဲ့သည်။ နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းစဉ်ကာလမှာပင် နိုင်ငံနှင့် လူမျိုးလွတ်လပ်ရေးထက် မိမိအာဏာရရေး၊ မိမိရာထူး ရရေးသည်သာ အဓိကဟူ၍ အာဏာငန်းဖမ်းသူ၊ ယုတ်မာညစ်ထည်းသူကြောင့် နိုင်ငံ့ခေါင်းဆောင်များ ကျဆုံးခဲ့ရသည့် သာဓကမှာ အထင်ရှားဆုံးပင်ဖြစ်သည်။ နိုင်ငံလွတ်လပ်ရေးရပြီးသည့်နောက် နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့တွင်လည်း ထိုနည်းတူစွာ။ အနီးဆုံးအနေဖြင့်ပြီးခဲ့သည့် အစိုးရနှစ်ဆက်ကာလအတွင်း နိုင်ငံရေးနယ်ပယ်တွင်ဖြစ်ပေါ်ခဲ့သည့် မရိုးသားမှု၊ မသန့်ရှင်းမှု၊ ညစ်ထည်းမှု၊ စဉ်းလဲမှုတို့ကို ကြည့်သောသူသည်မြင်၏ ဆိုသကဲ့သို့ပင် ထင်ထင်ရှားရှားတွေ့မြင်နိုင်သည်။ နိုင်ငံ့အာဏာကို အလုံးစုံသိမ်းပိုက်ရရှိရေး၊ လွှတ်တော်လမ်းကြောင်းပေါ်တွင် တစ်ပါတီ အာဏာရှင်ဆန်ဆန် ထင်တိုင်းကြဲနိုင်ရေးအတွက် ရွေးကောက်ပွဲတွင် မည်သည့်နည်းဖြင့်နိုင်နိုင် အနိုင်ရရေး ဆောင်ရွက်ခဲ့ရာမှ မဲမသမာမှုဖြစ်ပေါ်ခဲ့ပြီး ဒီမိုကရေစီပြန်လည်အခြေချခါစ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုမျှကာလအတွင်း အရေးပေါ်အခြေအနေတစ်ရပ် ဆီသို့ကျရောက်သွားခဲ့ရသည်။ တပ်မတော်က နိုင်ငံတော်အာဏာကိုထိန်းကာ ဒီမိုကရေစီကို ပြန်လည်တည့်မတ်ရန် ကြိုးပမ်းရသည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ခဲ့ရစဉ်ကပင် ရှေ့လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်ခဲ့ပြီး အန္တိမရည်မှန်းချက်အနေဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ အနိုင်ရသည့်အစိုးရကို နိုင်ငံတော်အာဏာများ ပြန်လည်အပ်နှင်းသွားမည်ဟု အတိအလင်း ပြောဆိုထားသကဲ့သို့ ရည်မှန်းချက်အောင်မြင်ရေးအတွက်လည်း တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ “ နိုင်ငံရေးတွင် ရိုးသားမှုမရှိပါက ရိုးသားမှုမရှိခြင်း၏ အကျိုးဆက်ကို ပြန်လည်ခံစား ရမည်ဖြစ်ကြောင်းကို မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များအပြင် နိုင်ငံတကာဖြစ်စဉ်များတွင်လည်း မြင်တွေ့ရမည်ဖြစ်ကြောင်း” အောက်တိုဘာ ၈ ရက်ကကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းက နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ဆောင်ရွက်နေသူ များ သတိမူဖွယ်ရာပင်ဖြစ်သည်။

တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် အခွင့်အရေးတူညီမျှတသည့် ဝါဒဖြူစင်သော ဒီမိုကရေစီနိုင်ငံတော်ကြီးကို တည်ဆောက်ကြရာတွင် နိုင်ငံရေးနယ်ပယ်၌ ပါဝင်ဆောင်ရွက်သူတိုင်း နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးထိပ်ထားကာ ရိုးသား၊ ကြိုးစား၊ နိုးကြားစွာထမ်းရွက် ကြရပါမည့်အကြောင်း။ ။