ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု လအတန်ငယ်ကြာပြီးသည့် နောက် ကမ္ဘာ့နိုင်ငံများစွာတို့တွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု နောက်ထပ်အသစ်များ ထပ်တိုးလာသည်။ ယခင်ရှိရင်းစွဲ သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စွန့်ပစ် ပစ္စည်းများဖြစ်သော ပလတ်စတစ် အမှိုက်သရိုက်များ အပြင် ကိုဗစ်ကာလအတွင်း စွန့်ပစ် အမှိုက်များဖြစ်သည့် တစ်ခါသုံး ပါးစပ်နှာခေါင်းစည်းများ၊ လက်အိတ်များ၊ လက်သန့်ဆေးရည်ဘူးခွံ၊ ပုလင်းခွံများက လူတို့နေထိုင်ရာ မြို့ပြပတ်ဝန်းကျင်များ တွင်သာမက ပင်လယ်ပြင်အထိပါ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။
ခွဲစိတ်ခန်းသုံး ပါးစပ်နှာခေါင်းစည်းများရော တစ်ခါသုံးပါးစပ် နှာခေါင်းစည်းများပါ ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်ရေးတွင် မဖြစ် မနေ သုံးစွဲနေကြရသည့်အလျောက် နေ့စဉ်သုံးစွဲမှုရော စွန့်ပစ်မှုပါ အရေအတွက်ပမာဏ နည်းမည်မဟုတ်ကြောင်း ခန့်မှန်းကြည့်နိုင် သည်။ ရောဂါကာကွယ်ရေး အတွက် သုံးစွဲနေခြင်းဖြစ်သည့်အတွက် နည်းစနစ်တကျ သုံးစွဲရန်အပြင် နည်းစနစ်တကျ စွန့်ပစ်ရန်လည်း လိုအပ်သည်။ လက်ရှိအခြေအနေတွင်မူ သုံးစွဲပြီးနောက် စည်းကမ်း မဲ့စွာ စွန့်ပစ် ထားသည့် ပါးစပ်နှာခေါင်းစည်းများကို မိမိတို့၏ ပတ်ဝန်းကျင်နေရာများ၊ လမ်းပေါ်လမ်းဘေးနှင့် ရေမြောင်းများ၊ အမှိုက်ပုံများတွင် အများအပြားတွေ့မြင်နေရသည်။ ၎င်းမြင်ကွင်း များက စနစ်တကျ သုံးစွဲစွန့်ပစ်ခြင်းမရှိသူ သို့မဟုတ် စည်းကမ်းမဲ့ စွန့်ပစ်နေသူများစွာ ရှိနေခြင်း၏ သက်သေများ ပင်ဖြစ်သည်။
ဗိုင်းရပ်စ်ပိုး ကူးစက်မှုကာကွယ်ရေးအတွက် အလွှာအထပ်များဖြင့် ပြုလုပ်ထားသည့် ပါးစပ်နှာခေါင်း စည်းများကို အသုံးပြုပြီး သည့် အခါတွင် ၎င်းတို့၏ မျက်နှာပြင်များပေါ်မှာ ဗိုင်းရပ်စ်များတွယ်ကပ် ပါရှိနေမည်ဖြစ်သည့်အတွက် စနစ်တကျမစွန့်ပစ်ပါက မိမိကိုယ်တိုင် နှင့်တကွ အခြားသူများ အတွက်ပါ အန္တရာယ်ရှိသည်။ အသုံးပြုပြီး စွန့်ပစ်ထားသည့် ပါးစပ် နှာခေါင်းစည်းများတွင် တွယ်ကပ် နေမည့် ဗိုင်းရပ်စ်များမှာ ရက်ပိုင်းမျှ ရှင်သန်နေနိုင်သည့်အတွက် ဖြစ်သလိုစွန့်ပစ် လိုက်ခြင်းက နောက်ထပ် အန္တရာယ်များ ဖြစ်လာ စေရန် ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွားစေနိုင်သည်။ အမှိုက်များကို စွန့်ပစ်ခြင်းက ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုသာ ဖြစ်စေနိုင် သော်လည်း ပါးစပ် နှာခေါင်းစည်းများကမူ ကူးစက်ရောဂါအတွက်ပါ အန္တရာယ် ကြီးသည်။
မိမိတို့သုံးစွဲပြီးသည့် ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျ ချွတ်၊ စနစ်တကျစွန့်ပစ်မှသာ ကူးစက် ရောဂါမှ ဘေးကင်းကြမည်။ မိမိမျက်နှာတွင် တပ်ဆင်ထားသည့် နှာခေါင်းစည်းကို မချွတ်ခင် လက်ကို အရင်စင်ကြယ်အောင် ဆေးဖို့လိုသည်။ ယင်းနောက် နှာခေါင်းစည်းကို ချွတ်ရာတွင်လည်း ယင်း၏ မျက်နှာပြင်ကို မထိ မကိုင်ဘဲကြိုးမှကိုင်၍ ချွတ်ရန်၊ ထို့နောက် အတွင်းဘက်ကို ခေါက်ပြီး ထပ်ပိုင်း၍ခေါက်ရန်နှင့် ၎င်းတွင်ပါသည့်ဘေးမှ ကြိုးနှင့်ရစ်ပတ်ရန်၊ ပြီးမှ တစ်သျှူးနှင့်လိပ်ပြီး အမှိုက်ပုံးထဲသို့ ထည့်ရန်၊ နောက်ဆုံးတွင် လက်ကို ပြန်ဆေးရန်တို့ကို လမ်းညွှန်ထားသည်။ အများအပြား စွန့်ပစ်ထားသည့် ပါးစပ်နှာခေါင်းစည်းများကိုမူ ရေ၊ မြေများထဲဆီသို့ ရောက်မသွား စေဘဲမီးရှို့ ဖျက်ဆီးလိုက်ခြင်းကသာ အသင့်လျော်ဆုံး နည်းလမ်းဖြစ်သည်။
ယခုအခါ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်မားနေသည့် အချိန်ဖြစ်ပြီး အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်ခြင်းကသာ ရောဂါ ကင်းဝေး သောကအေးဖွယ်ဖြစ်သည်။ မိသားစုဝင်များအတွင်း၌ လည်း ရက်သတ္တ အနည်းငယ်မျှ ခပ်ခွာခွာနေထိုင်ကြရင်း ရောဂါ ကူးစက်မှုကို ရှောင်လွှဲနိုင်ကြဖို့လိုသည်။ ကာကွယ်ဆေး၊ ကုသဆေးတို့ ပေါ်ထွက်မလာသေးသည့် ကူးစက်ရောဂါကို စည်းမျဉ်း စည်းကမ်းများ၊ လမ်းညွှန်ချက်များနှင့်အညီ ပြုမူနေထိုင်ကြခြင်းကသာ အကောင်းဆုံးသော ကြိုတင်ကာကွယ် မှုဟူ၍ အကြံပြုတိုက်တွန်း အပ်ပါကြောင်း။ ။