Skip to main content

ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွင် အားသစ်အင်သစ်များ ပေါင်းစည်းပါဝင်

ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန် (သစ်လွင်) ၅၈၁ ဦးတို့အား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိများအဖြစ် ဇူလိုင် ၃၁ ရက်တွင် အခမ်းအနားဖြင့် တာဝန်ပေးအပ်ကာ ဆေးကုသမှုအတွေ့အကြုံများ ပိုမိုလေ့လာဆည်းပူးနိုင်စေရန်နှင့် ပြည်သူလူထုဆေးကုသမှုလုပ်ငန်းများတွင် ပိုမိုအထောက်အပံ့ဖြစ်စေရန် ဗဟိုအဆင့်ပြည်သူ့ဆေးရုံကြီးများ၊ တိုင်းဒေသကြီးများနှင့်ပြည်နယ်များရှိ ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ချထားပေးလိုက်ပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူသော လူမှုရေးဦးတည်ချက်နှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း ယခုထက်ပိုမိုမြင့်မားလာစေရေး ယခုဘဏ္ဍာနှစ်အတွင်း မြို့နယ်ဆေးရုံနှင့် အထက်ဆေးရုံများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး လိုအပ်သည့် ဆေးရုံသုံးစက်ကိရိယာများ ဖြည့်တင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ယခုနှစ်အတွင်း ဆေးရုံသုံးပစ္စည်းကိရိယာများ ဝယ်ယူဖြည့်တင်းခြင်းနှင့် ဆေးရုံများတိုးချဲ့ဆောက်လုပ်ခြင်းအတွက် သီးသန့်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၂၂ သန်းနှင့် ကျပ်ငွေ ၁၁၆ ဒသမ ၈ ဘီလီယံကို အသုံးပြုသွားမည်ဖြစ်သည်ဟုသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၄) တွင် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျန်းမာရေးကဏ္ဍမြှင့်တင်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် “ကျန်းမာရေးနှင့်ပတ်သက်ပြီး လစ်လပ်သွားခဲ့သည့် ကျန်းမာရေးဝန်ထမ်းနေရာများကို ပြည့်မီစွာပြန်လည်ခန့်အပ်နိုင်ရန်အတွက် “ဆေးရုံတိုင်း ဆရာဝန်ရှိရမည်” ဆိုသည့်မူကိုချမှတ်ပြီး မိမိတို့အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးဝါဒမှိုင်းကြောင့် တာဝန်မှ လုပ်ငန်းခွင်စွန့်ခွာသွားသည့် ကျန်းမာရေးဝန်ထမ်းများ၏နေရာများတွင် ပြန်လည်အစားထိုးခန့်အပ်ပေးနိုင်ရန် အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ယနေ့အချိန်တွင် နိုင်ငံတစ်ဝန်း ဆေးပေးခန်း ၇၂၇၈ ခုနှင့် ဆေးရုံပေါင်း ၇၅၇ ရုံတွင် ကျန်းမာရေးဝန်ထမ်း ၆၈၂၅၈ ဦးနှင့် ပြည်သူလူထု၏ကျန်းမာရေးကို စောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ လူသားတိုင်း၏ ကျန်းမာ‌ရေးဆိုင်ရာ အခြေခံရပိုင်ခွင့်များကို ပြည့်ဝစွာရရှိစေရေး ဆက်လက်ကြိုးပမ်း‌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံ၏ မွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဘက်ဆိုင်ရာ တိုးတက်မှုနှုန်း၊ လူမှုစီးပွားရေး စသည်တို့အပါအဝင် အချက်အလက်များကိုအခြေခံ၍ တွက်ချက်မှုများအရ မြန်မာနိုင်ငံ၏ ပျမ်းမျှမျှော်မှန်းလူ့သက်တမ်းသည် နှစ်အလိုက်တိုးတက်မှုရှိနေသော်လည်း အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးအနေအထားတွင် ရှိနေဆဲဖြစ်သည်။ နိုင်ငံတော်အစိုးရက ကျန်းမာရေးကဏ္ဍကို မြှင့်တင်ရာတွင် ဆေးရုံအဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ဆေးရုံသုံးစက်ကိရိယာများ ဝယ်ယူဖြည့်တင်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်ခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသလို ကျန်းမာရေးဆိုင်ရာဝန်ထမ်းများ၊ အဖွဲ့အစည်းများကလည်း အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ရပ် ဖြစ်ပေါ်လာရေးအတွက် စိတ်ကောင်းစေတနာ၊ မေတ္တာအကြင်နာတရားတို့ လက်ကိုင်ထား၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုသည်။

ပြည်သူများ၏ မျှော်မှန်းလူ့သက်တမ်းမြင့်မားလာစေ‌ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပြည်သူတစ်ဦးချင်းစီက စိုက်ထုတ်သုံးစွဲရသည့် ကုန်ကျစရိတ်တို့ သက်သာစေ‌ရေး၊ အားလုံးလက်လှမ်းမီပြီး အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဖြစ်ပေါ်လာရေး ဆောင်ရွက်မှုများတွင် ဆရာဝန် (သစ်လွင်) မောင်မယ်တို့၏ အားသစ်အင်သစ် ပေါင်းစည်းပါဝင်မှုများဖြင့် နိုင်ငံနှင့်ပြည်သူအပေါ် အလုပ်အကျွေး ပြုနိုင်ကြပါစေကြောင်း။ ။