ရွှေဘို၊ စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုအောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသောင်းဟိန်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ ယမန်နေ့ နေ့လယ် (၂)နာရီက ရွှေဘိုမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာပြီး ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်းရှိ ရွှေဘို-ဆိပ်ခွန်-မုံရွာကားလမ်း(၁၈)ပေအကျယ် အဆင့်မြှင့်တင် ကတ္တရာလမ်းချဲ့ထွင် ဖောက်လုပ်နေမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်းနှင့် အညီ အချိန်မီ အမြန်ပြီးစီးရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးပြီး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး ဆိပ်ခွန်၊ ဝါးရုံကန်၊ စောင်တန်း၊ ရေတော်မူ၊ ပန်းလှိုင် စသည့် ကျေးရွာများတွင် မိုးစပါများ ပျိုးထောင် စိုက်ပျိုး ထားရှိမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကာ တောင်သူများအတွက် စိုက်ပျိုးရေဖူလုံစွာရရှိရေးကိုလည်း အထူးအလေး ထား၍ ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ဆိပ်ခွန်ကျေးရွာ-ဝါးရုံကန်ကျေးရွာနှင့် စောင်တန်းကျေးရွာတို့သို့ ဆက်သွယ်ထားသော မြေသားလမ်းအား ဂျင်းလမ်း အဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်ပေးနိုင်ရေးနှင့် တံတားသစ်ဆောက်လုပ်ပေးရန် အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)