Skip to main content

ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်

ကမ္ဘာပေါ်ရှိနိုင်ငံများမှ အစိုးရများအနေဖြင့် ၎င်းတို့နိုင်ငံရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို အလေးထားကြိုးပမ်းဆောင်ရွက်နေကြသည်။ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူများ၏ လူမှုစီးပွားမြင့်မားစေရန် ဆောင်ရွက်ပေးရမည့်တာဝန်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့စီးပွားရေး အားကောင်းလာအောင် ဆောင်ရွက်ရာတွင် စီးပွားရေးနှင့်ဆက်စပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၄) တွင် “စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့်စက်မှုလုပ်ငန်းများကို ပိုမိုလည်ပတ်နိုင်ပြီး ထိုမှတစ်ဆင့် ဝန်ဆောင်မှုလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်သဖြင့် နိုင်ငံ၏ GDP တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများကိုအခြေခံ၍ နိုင်ငံ့လူဦးရေ ၅၀ ရာခိုင်နှုန်း၏ လူမှုဘဝများဖွံ့ဖြိုးရေးကို အမှန်တကယ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကအားပြုလုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှသာလျှင် ပြည်တွင်းထုတ်ကုန်များ တိုးတက်ထွက်ရှိပြီး ပြည်ပပို့ကုန်များလည်း ပိုမိုရရှိစေမည်ဖြစ်သည်။ စပါးစိုက်ပျိုးမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးကို ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးအထွက်နှုန်းများ တိုးတက် စေရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ရန်နှင့် ဒေသန္တရမွေးမြူရေးလုပ်ငန်းများတွင် အခြားနိုင်ငံများမှ လုပ်ကိုင်လျက်ရှိသည့် အထွက်နှုန်းတိုးစေမည့် နည်းလမ်းများကို အတုယူဆောင်ရွက်သင့်သည်။

မြန်မာနိုင်ငံ၌ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိရာတွင် အစိုးရနှင့် ပုဂ္ဂလိကဆောင်ရွက်သော ကုန်ထုတ်လုပ်ငန်းများအပြင် သမဝါယမစနစ်သည်လည်း သင့်လျော်ကောင်းမွန်သည့် စနစ်တစ်ခုဖြစ်သည်။ သမဝါယမအသင်းများကို တိုးချဲ့ ဖွဲ့စည်းပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်ရုံ၊ အလုပ်ရုံ၊ ကုန်ထုတ်လုပ်ငန်းများ တည်ထောင်ကြရန်လိုသည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် အရင်းအနှီး၊ နည်းပညာနှင့် အခြားလိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဟု သိရသည်။ နိုင်ငံတော်၏ ပံ့ပိုးကူညီမှုဖြင့် ပြည်တွင်း၌ အရည်အသွေးပြည့်မီသည့် စားသောက်ကုန်များ ထုတ်လုပ်လျက်ရှိသကဲ့သို့ အရည်အသွေးပြည့်မီသည့် လူသုံးကုန်ပစ္စည်းများနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်သည်။

ကုန်သွယ်မှုအပိုင်းတွင် ပြီးခဲ့သည့်သုံးလတာကာလက ပင်လယ်ရေကြောင်းမှ ဆောင်ရွက်နိုင်ခဲ့သည်များရှိသလို နယ်စပ်ဒေသများမှလည်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပြီး ကိန်းဂဏန်းများအရ အပေါင်းလက္ခဏာများရရှိခဲ့သည်။ သို့သော် နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများရှိနေသောကြောင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်နစ်နာစေလျက်ရှိသဖြင့် ကုန်သွယ်မှုအပိုင်းကို အလေးထားဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ ကူးသန်းရောင်းဝယ်ကုန်သွယ်မှုပြုလုပ်ရာ၌ လမ်းခရီးတွင် မလိုလားအပ်သည့် ကုန်ကျစရိတ်များကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေသည်။ နယ်စပ်ကုန်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကို အဟန့်အတားဖြစ်စေမည့် အခြေအနေများမဖြစ်ပေါ်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများက အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။ ကုန်သွယ်စီးဆင်းမှု ချောမွေ့ကောင်းမွန်ပါမှ နိုင်ငံ့စီးပွားရေး တိုးတက်လာမည်ဖြစ်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများကို ကဏ္ဍများစွာတွင် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားပေးမြှင့်တင် ကူညီဆောင်ရွက်ပေးလျက်ရှိရာ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စားသောက်ကုန်များသာမက အခြားလူသုံးကုန်ပစ္စည်းများကိုလည်း အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်နိုင်ရန်လိုအပ်သည်။ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်း နေရသည့် သွင်းကုန်ပစ္စည်းများကို လျှော့ချနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင်၊ ပြည်တွင်း၌ ဖူလုံလောက်ငချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများ ပိုမိုလည်ပတ်ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်ပသွင်းကုန်များ လျှော့ချနိုင်ကာ နိုင်ငံ၏ GDP တိုးတက်လာမည်ဖြစ်၍ ပြည်သူများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ် အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။ ။