Skip to main content

မြန်မာ ဝိုင်အမ်စီအေက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း၊ မျက်နှာကာ၊ လက်သန့်ဆေးရည်၊ လက်အိတ်၊ လက်ကမ်းစာစောင်နှင့် ပိုစတာများဝေငှသည့် လှုပ်ရှားမှုများနှင့် လူကုန်ကူးမှု အသိပညာပေးဆိုင်းဘုတ်စိုက်ထူ

ရန်ကုန် စက်တင်ဘာ ၁၂

မြန်မာ ဝိုင်အမ်စီအေနှင့် လားရှိုး ဝိုင်အမ်စီအေတို့ ပူးပေါင်း၍ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration - IOM) ၏ပံ့ပိုးမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း၊ မျက်နှာကာ၊ လက်သန့်ဆေးရည်၊ လက်အိတ်၊ လက်ကမ်းစာစောင်နှင့် ပိုစတာများဝေငှသည့် လှုပ်ရှားမှုကို စက်တင်ဘာ ၈ ရက်က လားရှိုးမြို့ပေါ် နှင့် ဝင်ထွက်ပေါက် နေရာများ၌ ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးဝိုင်အမ်စီအေ အတွင်းရေးမှူး ဒေါ်ဘောက်အောန်နှင့် အမှုဆောင် အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ စီမံကိန်းဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက ငွေကျပ် ၁၀ သိန်းကျော် တန်ဖိုးရှိသော နှာခေါင်းစည်းများ၊ မျက်နှာကာများ၊ လက်သန့်ဆေးရည်များ၊ လက်အိတ်များ၊ လက်ကမ်းစာစောင်များ၊ ပိုစတာများကို ပြည်သူများထံ ဝေငှကြ သည်။

အလားတူ ဩစတြေးလျရန်ပုံငွေအဖွဲ့ (Australian Aid) ၏ ပံ့ပိုးမှုဖြင့် မြန်မာဝိုင်အမ်စီအေနှင့် Habitat for Humantity Myanmar (HFHM) ပူးပေါင်း အကောင်အထည်ဖော်နေသော ဒလမြို့နယ် လူမှုအကျိုးပြု ဖွံ့ဖြိုးရေးစီမံကိန်းအစီအစဉ်မှ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ အသုံးပြုရေး ပညာပေးလှုပ်ရှားမှုအစီအစဉ်ကို စက်တင်ဘာ ၁၀ ရက်က ဒလမြို့နယ်၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် စီမံကိန်းဝန်ထမ်းများက ငွေကျပ် ၁၀ သိန်းကျော် တန်ဖိုးရှိသော နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များဝေငှပြီး ဒေသခံပြည်သူများအား စနစ်တကျ အသုံးပြုနိုင်ရေး ပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် မြန်မာဝိုင်အမ်စီအေ၊ ကွတ်ခိုင် ဝိုင်အမ်စီအေ၊ မူဆယ် ဝိုင်အမ်စီအေတို့ ပူးပေါင်း၍ Norwegian Church Aid (NCA)- Dan Church Aid (DCA) ရန်ပုံငွေပံ့ပိုးမှုဖြင့် အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ် (၁၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မူဆယ်)က ကွတ်ခိုင်မြို့ ဈေးအဝင်လမ်းထိပ်နှင့် မူဆယ်မြို့ ကျင်စန်းကျော့ဂိတ် အနီးတို့တွင် လူကုန်ကူးမှုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ကူးစက် ရောဂါ ကန့်သတ်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်