Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပမာဏများပြားသော မူးယစ်ဆေးဝါးများဖမ်းဆီးရမိပြီး ပစ်ခတ်ဖမ်းဆီးရသည့် အခြေအနေများရှိခဲ့

နေပြည်တော်၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ပမာဏများပြားသော မူးယစ်ဆေး ဝါးများဖမ်းဆီးရမိပြီး ပစ်ခတ်ဖမ်းဆီးရသည့် အခြေအနေများရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ  ၁၁ ရက် နံနက်  ၁၁ နာရီတွင်   သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်း၊ သက္ကောကျေးရွာအနီး တွင် Hohda Fit အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရန် တားဆီးရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသောကြောင့် သေနတ်ဖြင့်ပစ်ခတ်တားဆီးရာ ယာဉ်ဘီးများကျည်ဆံ ထိမှန်ပြီး ရပ်တန့်သွားခဲ့ကြောင်း၊ ထို့နောက်စစ်ဆေးရာ ခန့်ဇော်ကို၊ ရဲထက်လွင်နှင့် ညီမွန်ဦးတို့ ၃ ဦးအား အိုက်စ် ၉ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၄,၈၄၀  (တန်ဖိုးငွေကျပ် ၃၈၄၂ သိန်း) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့မူးယစ်ဆေးဝါး စတင်ယူဆောင်ခဲ့သည့် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရတနာသိင်္ခလမ်းနေ အေးဝင်းနိုင်(ခ)ဝတုတ် ၏ နေအိမ်ကို ၎င်းနေ့ ညနေပိုင်းတွင်ရှာဖွေရာ အိမ်အတွင်းရှိ မြေအောက်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၄၃,၄၀၀၊ ဘိန်းဖြူ ၁၀၈ ဒသမ ၁၅ ကီလိုခန့်၊ ကတ်တမင်း ၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် ၀.၄၅ ကီလို (တန်ဖိုးငွေကျပ် ၁၀၀,၈၅၅ သိန်း) ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်အရ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ  ဩဂုတ် ၁၉ ရက်က ဝေါလေမြို့၊ ဝေါလေ- မြဝတီသွားကားလမ်း၊ သဲဖြူချောင်းကျေးရွာအနီးတွင် အိုက်စ် ၁၅၉၈ ကီလို၊ ဘိန်းဖြူ ၁၃၇ ဒသမ ၆၅၅ ကီလိုနှင့် မော်လမြိုင်မြို့၌ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀၀၀  ဖမ်းဆီးရမိခဲ့သည့် မြဝတီမြို့မရဲစခန်း၏ အမှုမှ ဖမ်းမိမူးယစ်ဆေးဝါးပိုင်ရှင် အောင်ကျော်လတ် (ခ)မောင်လတ် မှ ထိုင်းဘတ်ငွေ ၁၃၀၀၀ဝ ပေး၍ ၎င်း၏နေအိမ်တွင် သိမ်းဆည်းခိုင်းထားသော ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ခန့်ဇော်ကို(ခ)ခန့်ကို(ခ)ဘယ်ကျော်၊ ရဲထက်လွင်၊ ညီမွန်ဦး(ခ)ညီညီ၊ အေးဝင်းနိုင် (ခ)ဝတုတ်၊ အောင်ကျော်လတ်(ခ)မောင်လတ်တို့အား အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီ  ခန့်တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည် ဘူးမြို့နယ်၊ ပင်လည်ဘူး-ဖောင်းပြင်သွားလမ်း၊ ဝါးဘိုးချောင်းရွာအနီးတွင် သတင်းအရ ဇင်မင်းထွေး မောင်းနှင်ပြီး အိုက်လောင် လိုက်ပါလာသည့် HINO DUTRO VAN အမျိုးအစား ကွန်တိန်နာ ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းမော်တော်ယာဉ်ကြမ်းခင်း အံဝှက်အတွင်းမှ ဘိန်းဖြူ ၉ ဒသမ ၄၅ ကီလို (တန်ဖိုးငွေကျပ်သိန်း ၇,၅၆၀) သိမ်းဆည်းရမိခဲ့ပြီး စိစစ်ချက်အရ ၎င်းတို့မူးယစ် ဆေးဝါးများ စတင်ယူဆောင်လာသည့်  သီပေါမြို့နယ်၊ စံလောင်းကျေးရွာရှိ ကိုသီဟအား ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ဇင်မင်းထွေး၊ အိုက်လောင်နှင့် သီဟတို့အား အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၂ ရက် မနက် ၄ နာရီတွင်   ဖောင်းပြင်မြို့နယ်၊ ဖောင်းပြင်-ဗန်းမောက်ကားလမ်း၊ မြောက်လွင်ကျေးရွာအနီးတွင် အမျိုးသားတစ်ဦး မောင်းနှင်လာသည့် CYGNUS အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် လမ်းပိတ်ဆို့ရပ်ထားသည့် စစ်ဆေးရေးအဖွဲ့၏ ဆိုင်ကယ် ၃ စီးအား ယာဉ်ဖြင့်တိုက်ကာ မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ  မော်တော်ယာဉ်၏ နောက်ဘီးများအား ကျည်ဆံထိမှန်ပြီး တစ်ဖာလုံခန့်အကွာ လမ်း၏ ယာဘက်ဘေးသို့ ယာဉ်ထိုးကျ တိမ်းမှောက်သွားခဲ့ကြောင်း၊ ယာဉ်မောင်းမှာ ခုန်ချထွက်ပြေး တိမ်းရှောင်သွားပြီး မော်တော်ယာဉ်နောက်ခန်းအတွင်းရှိ ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူ ၉ ဒသမ ၅၇ ကီလို(တန်ဖိုးငွေကျပ် ၉၅၇၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းနှင့် ကွင်းဆက်တရားခံများ ဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းစဉ်