Skip to main content

ရေကြီးရေလျှံသဘာဝဘေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး

မြန်မာနိုင်ငံတွင် ယခုနှစ်မိုးရာသီကာလ ဇွန်၊ ဇူလိုင်လများသည် ယခင်နှစ်များထက်ပိုမို၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးရွာသွန်းမှုများနေသည်ကို တွေ့ရမည်ဖြစ်သည်။ ယခုဇူလိုင်လ တတိယပတ်နှင့် စတုတ္ထပတ်တွင် နိုင်ငံတစ်ဝန်းလုံး မိုးပိုမိုလွန်ကဲပြီး သည်းထန်စွာရွာသွန်းလျက်ရှိသည်။ အနောက်တောင်မုတ်သုံမိုး အားကောင်းနေသည့်အချိန်အခါတွင် ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းများကလည်း တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသောကြောင့် မိုးအဆက်မပြတ်ဘဲ ရွာသွန်းမှုအားကောင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။

နိုင်ငံတစ်ဝန်းလုံးတွင် မိုးရွာသွန်းမှုအားကောင်းနေသောကြောင့် တောင်ကျချောင်းရေများ အလျှံပယ်ကျဆင်းပြီး မြစ်ကြီး၊ မြစ်ငယ်၊ ချောင်းငယ်များ၌ ရေပြည့်ရေလျှံ ရေစီးသန်ကာ မြစ်ချောင်းများနှင့်နီးသည့် မြို့ရွာများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်ကို တွေ့ရမည်ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုရက်ပိုင်း၌ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနေပြီး အချို့ဒေသများတွင် ရွာသွန်းမြဲထက်ပိုမိုကာ မိုးသည်းထန်စွာ ရွာသွန်း လျက်ရှိသည်။ ယခုအခါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အချို့မြို့ရွာများ၌ ရေဝင်နစ်မြုပ်ပြီး ရေဘေးဒုက္ခများနှင့်ကြုံတွေ့နေရသည်။

လာမည့်ဩဂုတ်လတွင် ဧရာဝတီမြစ်ရေ၊ ချင်းတွင်းမြစ်ရေ၊ ဒုဋ္ဌဝတီမြစ်ရေ၊ စစ်တောင်းမြစ်ရေ၊ ရွှေကျင်မြစ်ရေ၊ ပဲခူးမြစ်ရေ၊ သံလွင်မြစ်ရေ၊ ဘီးလင်းမြစ်ရေ၊ တနင်္သာရီမြစ်ရေ၊ သောင်ရင်းမြစ်ရေ၊ ငဝန်မြစ်ရေ၊ တိုးမြစ်ရေတို့သည် အဆိုပါမြစ်များအနီးရှိ မြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။ ယခုနှစ်မိုးရာသီကာလတွင် မြစ်ရေတက်မှုများသည် ယခင်နှစ်များနှင့်မတူ ပိုမိုထူးကဲစွာ တက်လာခဲ့ပြီး မြို့ရွာအများအပြားတွင် ရေဝင်နစ်မြုပ်ကာ ရေဘေးဒုက္ခသည်များ ကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်ကြရသည်။

မြစ်ရေတက်မှုကြောင့် အနိမ့်ပိုင်းနေရာများတွင် ရေလွှမ်းမိုးခြင်း၊ မြစ်ကမ်းပါးနေရာအချို့၌ ကမ်းပါးပြိုကျခြင်း၊ လျှပ်စစ်မီးတိုင်များနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခြင်း၊ လမ်းများ၊ တံတားများ ပြိုကျပျက်စီးခြင်း၊ တောင်စောင်း၊ ကမ်းပါးများပြိုကျခြင်း၊ မြေကျွံခြင်း၊ လူနေအိမ်များပျက်စီးခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့သည်။ ရေကြီးရေလျှံမှုဖြစ်ပွားသော မြို့ရွာများတွင် လျှပ်စစ်မီးများပြတ်တောက်ပြီး စာသင်ကျောင်းများကို ခေတ္တပိတ်ထားရကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ရေဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိသည်။ ရေဘေးသင့်ပြည်သူများအတွက် ဒေသအလိုက် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး ဒေသဆိုင်ရာအစိုးရအဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အလှူရှင်များက ဆန်၊ ဆီ၊ ဆား၊ ရေသန့်နှင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ကူညီပေးလျက်ရှိသည်။

အထူးသတိပြုရန်မှာ ဩဂုတ်လအတွင်း လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်အရ သိရသဖြင့် လာမည့်ကာလများတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုပြင်ဆင်ဆောင်ရွက်ဖွယ်ရာများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အသိပေးညွှန်ပြမှုနှင့်အညီ တက်ညီလက်ညီ လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်ကို ကြိုတင်မခန့်မှန်းနိုင်သော်လည်း လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့် မိုးလေဝသနှင့် ဇလဗေဒဌာနမှ အသိပေးထားချက်အရ ဖြစ်ပေါ်လာလျှင် ထိခိုက်ဆုံးရှုံးမှုနည်းပါးအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ် ရေဘေးကြုံတွေ့နိုင်ခြေရှိသောဒေသများအနေဖြင့် မိမိတို့၏အိမ်ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် နေအိမ်ကြံ့ခိုင်မှုကို စစ်ဆေးထားရန်လိုအပ်သည်။ မိသားစုများ အရေးပေါ်ပြောင်းရွှေ့ရန်နေရာများ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်များကို ကြိုတင်သတ်မှတ်ထားရန်လိုသည်။ ရေစိုပြီး ပျက်စီးနိုင်သောပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် မြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးအမြင့်များကို မှတ်သားထားရန်၊ သောက်သုံးရေများ ကြိုတင်စုဆောင်းထားရန်၊ အန္တရာယ်ရှိနိုင်သောနေရာများကို မှတ်သားထားရန်၊ အရေးပေါ်သုံးပစ္စည်း များနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။

သို့ဖြစ်ရာ ယခုနှစ်မုတ်သုံရာသီတွင် ရေကြီးရေလျှံမှုအန္တရာယ်များနှင့် ကြုံတွေ့ နိုင်သောအခြေအနေများ ပိုမိုများပြားသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကြိုတင်သတိပေးလမ်းညွှန်မှုများကို အလေးထားလိုက်နာပြီး သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရပါက ထိခိုက်ဆုံးရှုံးနိုင်ခြေနည်းပါးအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း။