လူ့အခွင့်အရေးကို ချိုးဖောက်သည့် လူကုန်ကူးမှုပြဿနာသည် ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင် ဖြစ်ပေါ်နေသောပြဿနာဖြစ်သည်။ လူအချင်းချင်း စာနာသနားခြင်းမရှိဘဲ လူကိုရောင်းကုန်အဖြစ် မတော်လောဘဖြင့် ကျူးလွန်သည့် ရာဇဝတ်မှုပြဿနာဖြစ်သည်။ မသိနားမလည်သော ပြည်သူ များ၊ အားနည်းချို့တဲ့သည့် လူများအား လိမ်ညာလှည့်ဖြား၍ လူမဆန်စွာ ပြုလုပ်မှုများကို ဝိုင်းဝန်းတိုက်ဖျက်ရမည်ဖြစ်သည်။
ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ်(၂)နှင့်(၃)တို့တွင် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် တိကျစွာဖော်ပြထားသည်။ လူကုန်ကူးမှုသည် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့သည့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအား ဖောက်ဖျက်နေသောကြောင့် လူကုန်ကူးမှုပြဿနာများကို ကမ္ဘာတစ်ဝန်းလုံးတွင် တစ်နိုင်ငံချင်းအလိုက်သာမက နိုင်ငံအချင်းချင်း ပါဝင်တိုက်ဖျက်ရေး၌ ပြည်သူများအနေဖြင့်လည်း လူသားအချင်းချင်း စာနာထောက်ထားစိတ်ဖြင့် ပူးပေါင်းပါဝင် တိုက်ဖျက်သင့်ပေသည်။
မြန်မာနိုင်ငံ၌ ပင်လယ်ပြင်ကျားဖောင်လုပ်ငန်းတွင် အသုံးချရန် မသိနားမလည်သောပြည်သူများကို ရောင်းကုန်အဖြစ်ဖလှယ်ပြီး ညှဉ်းပန်းနှိပ်စက်မှုပြုသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပေသည်။ ထို့အပြင် မသိနားမလည်သော အမျိုးသမီးများ၊ ဆင်းရဲနွမ်းပါးသော အမျိုးသမီးငယ်များအား တစ်ဖက် နိုင်ငံသို့ ရောင်းချသည့် ဖြစ်စဉ်များမှာ အများဆုံးရှိနေဆဲဖြစ်သည်။ ဈေးပေါသည့် လုပ်အားခခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ ပင်လယ်ပြင်လုပ်ငန်း၊ လိင်ဖျော်ဖြေမှုလုပ်ငန်းများ၌ လူကုန်ကူးမှုနှင့်ကျွန်ပြုမှုတို့သည် လူသားချင်းမစာနာသော စက်ဆုပ်ဖွယ်ရာကောင်းသည့် မကောင်းမှုဒုစရိုက်လုပ်ငန်းများဖြစ်သည်။
လူကုန်ကူးမှုပြဿနာဇာစ်မြစ်သည် ဆင်းရဲနွမ်းပါးမှု၊ မပြည့်စုံမှုတို့ကို အကြောင်းခံပြီး လူကုန်ကူးခံရသူများအနေဖြင့် ၎င်းတို့ကိုယ်တိုင် လိမ်လည်လှည့်ဖြားခံရကြောင်း မသိရှိခြင်းနှင့် ၎င်းတို့ခရီးလမ်းဆုံးသို့ရောက်ရှိ နိုင်မှန်းသိပါလျက်နှင့် ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ အန္တရာယ်သားရဲတွင်းသို့ သက်ဆင်းဝင်ရောက်သွားခြင်းဟူသော အကြောင်းအချက် နှစ်ချက်ရှိပေ သည်။ မြန်မာနိုင်ငံတွင် လူကုန်ကူးမှုပြဿနာဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများတွင် စီးပွားရေး၊ သဘာဝဘေးအန္တရာယ်နှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ စသည်တို့ ကြုံတွေ့နေရသော အဓိကအချက်များဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော လူကုန်ကူးမှုအမျိုးအစားများမှာ အဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ကလေးသူငယ်လူကုန်ကူးခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း ငါးမျိုးကိုတွေ့ရပြီး အဓမ္မထိမ်းမြားလက်ထပ်ခြင်းကို အများဆုံး တွေ့လာရသည်။ ထို့ကြောင့် လူကုန်ကူးမှုပြဿနာကို ဖြေရှင်းနိုင်ရန် ဆင်းရဲနွမ်းပါးမှုလျှော့ချပေးရေး၊ ပတ်ဝန်းကျင်အခြေအနေကောင်းများ ဖန်တီးပေးနိုင်ရေး၊ လုံခြုံ စိတ်ချမှုရှိစေရေး၊ ပဋိပက္ခများလျှော့ချရေးနှင့် အသိအမြင်ဗဟုသုတများ တိုးပွားလာရေးတို့ကို ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်သတ်မှတ်ပြီး ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံတို့မှ ကြိုးပမ်းတိုက်ဖျက်လျက်ရှိသည်။ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေကို ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ထိုနေ့ကိုပင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားများကို ၂၀၁၃ ခုနှစ်မှစတင်၍ ပြုလုပ်ခဲ့သည်။ လူကုန်ကူးမှုပြဿနာကို ကမ္ဘာတစ်ဝန်းလုံး ကြုံတွေ့နေရပြီး အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသောနိုင်ငံများတွင် လူကုန်ကူးမှု၏ ဆိုးကျိုးများကို ပိုမိုခံစားနေကြရသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုကို အမျိုးသားရေးအသွင်ဖြင့် သတ်မှတ်တိုက်ဖျက်လျက်ရှိရာ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတို့ကိုပါ တွဲဖက်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် တစ်နိုင်ငံတည်း ဆောင်ရွက်၍မရနိုင်သဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာနှင့်ပါ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ရာ လူကုန်ကူးမှုအန္တရာယ်အတွင်း မကျရောက်စေရေးအတွက် လူကုန်ကူးသူများကို ရှာဖွေဖော်ထုတ်အရေးယူရေး၊ လူကုန်ကူးခံရမည့် အလားအလာရှိသူများကို ကာကွယ်နိုင်ရေး၊ လူကုန်ကူးခံရသူများကို ပြန်လည်ကယ်တင်နိုင်ရေးနှင့် လူမှုဘဝပြန်လည်ထူထောင်စောင့်ရှောက် ပေးနိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့်အတူ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။ ။