Skip to main content

အွန်လိုင်းလိမ်လည်မှု လူကုန်ကူးမှုသတိပြု

မျက်မှောက်ကာလ၌ ကမ္ဘာတစ်လွှားတွင် နည်းပညာများ တိုးတက်ထွန်းကားလာရာ လူမှုစီးပွားဘဝကောင်းကျိုးဖြစ်ထွန်းမှုများနှင့်အတူ ဆက်သွယ်ရေးနည်းပညာ ကိုအသုံးပြု၍ ဒုစရိုက်မှုအမျိုးမျိုး ပေါ်ပေါက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ယေဘုယျအားဖြင့် အွန်လိုင်းပေါ်၌ ငွေကြေးလိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်လည်မှု၊ အလုပ်အကိုင်လိမ်လည်မှု၊ အချစ်ရေးလိမ်လည်မှု၊ ကံစမ်းမဲလိမ်လည်မှုနှင့် လူကုန်ကူးမှုများ အများဆုံးဖြစ်ပွားလေ့ရှိသည်။

မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးအွန်လိုင်းလိမ်လည်မှုမှာ ငွေကြေးဆိုင်ရာနှင့်ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လိမ်လည်ခြင်းနှင့် ငွေကြေးရလိုမှုကြောင့် ဖြစ်ပေါ်လာသည့် လူကုန်ကူးခံရခြင်းတို့ဖြစ်သည်။ အဆိုပါလိမ်လည်မှုများနှင့်ပတ်သက်၍ ပြည်တွင်းရှိ နိုင်ငံသားများသာမက ပြည်ပမှနိုင်ငံသားများလည်း ပါဝင်လာသည်ကို တွေ့ရသည်။ အထူးသဖြင့် နယ်စပ်ဒေသအချို့တွင် ဖွင့်လှစ်ထားသော အွန်လိုင်းလောင်းကစားရုံများနှင့် နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုများ အများဆုံးဖြစ်လာသဖြင့် လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှု မှုခင်းများကို အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းနှိမ်နင်းလျက်ရှိသည်။

မကြာသေးမီက ဖြစ်စဉ်တစ်ခုတွင် တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ဖိလစ်ပိုင်မှ ထိုင်းနိုင်ငံသို့ရောက်ရှိလာသူ အမျိုးသားတစ်ဦးသည် မြန်မာနိုင်ငံသို့ခိုးဝင်ပြီး တရားမဝင်အလုပ်လုပ်ကိုင်ကာ ထိုင်းနိုင်ငံသို့ တရားမဝင်ပြန်လည်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။ တရုတ်နိုင်ငံသားများသည် ပြည်ပရှိတရားမဝင်အွန်လိုင်း ဂိမ်းလုပ်ငန်းများတွင် ပါဝင်ပတ်သက်ပြီး ဖမ်းဆီးခံရပါက တရုတ်နိုင်ငံတွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း ခံရလေ့ရှိသဖြင့် ယခုဖမ်းဆီးခံရသော တရုတ်နိုင်ငံသားသည် ဖိလစ်ပိုင်နိုင်ငံသားဟု လိမ်လည်ထွက်ဆိုခဲ့ပြီး မနီလာလေဆိပ်တွင် တရုတ်နိုင်ငံသား ဖြစ်ကြောင်းပေါ်ပေါက်ခဲ့သဖြင့် တရုတ်၊ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့အကြား ရှုပ်ထွေးပွေလီသည့် အမှုဖြစ်စေခဲ့သည်။

အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ၎င်းတို့၏လုပ်ငန်းများတွင် အသုံးချရန်အတွက် လူသစ်စုဆောင်းရာ၌ အိုင်တီနည်းပညာတတ်ကျွမ်းသူ၊ ဘာသာစကား နှစ်မျိုးခန့်ပြောဆိုနိုင်သူ၊ ပညာအရည်အချင်း အသင့်အတင့်ရှိသူ မည်သည့်နိုင်ငံသားကိုမဆို ဦးတည်ပစ်မှတ်ထားပြီး ၎င်းတို့၏ကုမ္ပဏီအသွင် ထူထောင်ထားသော အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်ဂိုဏ်းများတွင် အလုပ်ခန့်ထားပေးကြသည်။ အစပထမတွင် မက်လုံးပေးထားသည့် လစာတစ်လစာသာရရှိပြီး နောက်ပိုင်းတွင် လုပ်ခလစာ အနည်းငယ်ဖြစ်စေ၊ လုံးဝမပေး၍ဖြစ်စေ အတင်းအဓမ္မ အကျပ်ကိုင်နှိပ်စက်လုပ်ကိုင်ခိုင်းစေသည့် လူကုန်ကူးသည့် အမှုများကျူးလွန်ကြသည်။

ကမ္ဘာပေါ်တွင် လူကုန်ကူးမှုပြဿနာသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဖြစ်များသည်ဆိုသော်လည်း အမေရိကန်နိုင်ငံကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများ၌လည်း ဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့၌ ဖြစ်ပေါ်လျက်ရှိရာ နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်ခြင်းခံနေရသည်။ အမှန်တကယ်တွင် အဆိုပါအွန်လိုင်းလိမ်လည်သည့် လုပ်ငန်းများသည် နယ်စပ်ဒေသအချို့ရှိ အစိုးရအုပ်ချုပ်မှုကင်းလွတ်သည့်နယ်မြေများတွင် ပြင်ပနိုင်ငံများမှ နိုင်ငံသားများက လာရောက်လုပ်ကိုင်လေ့ရှိသော်လည်း မူရင်းနိုင်ငံများအပေါ် အထင်အမြင် လွဲမှားခြင်းခံကြရသည်။

ကမ္ဘာတစ်လွှားတွင် အွန်လိုင်းလိမ်လည်သည့် ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှုအန္တရာယ်မှာ ကြီးထွားလာသည်ကိုတွေ့ရသည်။ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် လက်နက်မှောင်ခိုမှုပြီးလျှင် လူကုန်ကူးမှုသည် တတိယမြောက်ဝင်ငွေအများဆုံး ဒုစရိုက်လုပ်ငန်းဖြစ်သည်ဟု သတ်မှတ်ထားသည်။ ယမန်နှစ် မေလ ၃၁ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အွန်လိုင်းလိမ်လည်သည့်လုပ်ငန်းမှ မြန်မာနိုင်ငံသားများအား ကယ်တင်ခဲ့သည့်သတင်းတစ်ပုဒ်ကို ပြည်တွင်းသတင်း၌ တွေ့ခဲ့ဖူးသည်။ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က စစ်ဆင်ရေးပြုလုပ်ပြီး လူကုန်ကူးခံရသော နိုင်ငံပေါင်းစုံမှ နိုင်ငံသားတစ်ထောင်ကျော်ကို ကယ်ထုတ်ခဲ့ရာ မြန်မာနိုင်ငံသား ၃၉ ဦးပါဝင်ပြီး ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက နိုင်ငံသားများကိုစိစစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး စတုတ္ထငါးနှစ်စီမံကိန်း (၂၀၂၂-၂၀၂၆)ကို အမျိုးသားရေးတာဝန်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ လူကုန်ကူးမှုခံရသူများတွင် သတင်းမှားများဖြင့် လိမ်လည်လှည့်ဖြားမှုခံရခြင်းမှာ အဓိကတူညီနေသောအချက်ဖြစ်သည်။ လူကုန်ကူးဂိုဏ်းများသည် အင်တာနက်နည်းပညာကိုအသုံးပြု၍ မသိနားမလည်သူများကို ပစ်မှတ်ထားစုဆောင်းလေ့ရှိသည်။ အလုပ်အကိုင်အခွင့်အလမ်းများ၊ မက်မောလောက်သည့် လစာများဖြင့် မက်လုံးပေးကာ ပြောဆိုစည်းရုံး လိမ်လည်ခေါ်ဆောင်ပြီး သားကောင်များ ဖြစ်ကြရသည်ကို သက်ဆိုင်ရာတို့က အကြိမ်ကြိမ်သတိပေး၊ အသိပေးလျက်ရှိသည်။

ယခုအခါ အွန်လိုင်းလိမ်လည်သည့် လုပ်ငန်းအမျိုးမျိုးရှိနေသဖြင့် အဆိုပါလိမ်လည်မှုတွင် သားကောင်ဘဝရောက်ရပါက ဒုက္ခဆင်းရဲအမျိုးမျိုးခံရမည့်အပြင် ပြည်ပနိုင်ငံများတွင် တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ပြီး ဖမ်းဆီးခံရပါက သက်ဆိုင်ရာနိုင်ငံက ထုတ်ပြန်ထားသည့်ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခြင်းတို့နှင့် ကြုံတွေ့မည်ဖြစ်ရာ တရားမဝင်အွန်လိုင်းလိမ်လည်မှုများကို သတိပြုရှောင်ရှားကြရမည်ဖြစ်ပါကြောင်း။          ။