Skip to main content

ဒစ်ဂျစ်တယ်ရင့်ကျက်ပြည့်စုံမှုဆီသို့ဦးတည်

မျက်မှောက်ကာလတွင် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုရှေးရှုသည့် သတင်းအချက်အလက်နည်းပညာ လွှမ်းခြုံထားသော ဒစ်ဂျစ်တယ်အသိုက်အမြုံများကို တည်ဆောက်ထားကြသည်။ မြန်မာနိုင်ငံတွင်လည်း ဒစ်ဂျစ်တယ်အသိုက်အမြုံ ဖြစ်ပေါ်လာစေရန်အတွက် e-Government ကို တည်ဆောက်ထားသည်။ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ ပင်မတွန်းအားဖြစ်သည့် ဒစ်ဂျစ်တယ်စီးပွားရေးကို ဖော်ဆောင်နိုင်ရန်အတွက် e-Government သည် အဓိကမဏ္ဍိုင်တစ်ခု ဖြစ်သည်။

နိုင်ငံတော်၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးခရီးစဉ်ကို လျင်မြန်လွယ်ကူချောမွေ့စေရန် အထောက်အပံ့ကောင်းများပေးစွမ်းနိုင်မည်ဖြစ်သည့် e-Government အောင်မြင်အောင် မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အဓိကအားဖြင့် အစိုးရဌာနများအားလုံး မျှဝေအသုံးပြုနိုင်ရန်ရည်ရွယ်ပြီး တည်ဆောက်ခဲ့သည့် e-Government Data Center, Myanmar National Portal, One Map Myanmar Geo Portal, Government Cloud, Government e-Mail နှင့် e-ID အစရှိသည့်စီမံကိန်းများသည် အစိုးရ၏စွမ်းဆောင်နိုင်ရည်နှင့် သတင်းအချက်အလက် လုံခြုံရေးကိုမြှင့်တင်ပေးနိုင်သော ထင်ရှားသည့်သာဓကများဖြစ်သည်။

“ယနေ့ကမ္ဘာတွင် ဒစ်ဂျစ်တယ်အသွင်ကို အောင်မြင်စွာကူးပြောင်းနိုင်သည့် နိုင်ငံများသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနေသည်ကို အထင်အရှားတွေ့မြင်ရကြောင်း၊ နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ပိုမိုကျယ်ပြန့်ပြီး ပိုမိုလုံခြုံစိတ်ချရသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ပေးနိုင်ခြင်းဆိုသည့်အချက်ပေါ်တွင် တည်မှီနေကြောင်း၊ ဒစ်ဂျစ်တယ်အစိုးရဆိုသည်မှာ ဒစ်ဂျစ်တယ်စွမ်းရည်နှင့် ဒစ်ဂျစ်တယ်ရင့်ကျက်ပြည့်စုံမှုများဆီကို ဦးတည်ရမည်ဖြစ်ခြင်းကြောင့် ယခင်ဆယ်စုနှစ်များက ကြိုးပမ်းအကောင်အထည်ဖော်ခဲ့သည့် e-Government ၏ ပုံရိပ်ကိုမြှင့်တင်ပြီး နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က e-Government ဦးဆောင်ကော်မတီ၏ (၁/၂၀၂၄) အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ICT နည်းပညာများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေးကို ရည်ရွယ်ကာ ၂၀၀၅ ခုနှစ်တွင် ICT စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ဒုတိယစီမံကိန်းကို ရေးဆွဲခဲ့သည်။ ထို့နောက် e-Government လုပ်ငန်းများကို အရှိန်မြှင့်တင်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်တွင် Myanmar e-Government Master Plan (2016-2020)ကို ဆက်လက်ရေးဆွဲခဲ့သည်။ ရေးဆွဲခဲ့သည့် စီမံကိန်းများတွင်ပါဝင်သည့် e-Government လုပ်ငန်းစဉ်များကို အစိုးရဌာနအဖွဲ့အစည်းအသီးသီးက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ချမှတ်ထားသည့် မူဝါဒသစ်များ၊ ဒစ်ဂျစ်တယ်နည်းပညာသစ်များ လျင်မြန်စွာပြောင်းလဲလာမှုတို့နှင့်ကိုက်ညီမှုရှိစေရန်အတွက် ယခင်ရေးဆွဲခဲ့သည်ကို ပြန်လည်ဆန်းစစ်ပြီး စီမံကိန်း ၂၀၃၀ မူကြမ်းကို ရေးဆွဲခဲ့သည်။

လက်ရှိတွင် အစိုးရ၏သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများကို ဝန်ကြီးဌာနအသီးသီး၏ အင်တာနက်စာမျက်နှာများပေါ်မှတစ်ဆင့် ပြည်သူများ လွယ်ကူချောမွေ့စွာရရှိနိုင်ရန် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ ထို့အပြင် ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအရ ICT ကွန်ရက်များ အချိန်တိုအတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး မိုဘိုင်းဖုန်းဝန်ဆောင်မှု အသုံးပြုသူပြည်သူများ တစ်ရှိန်ထိုးတိုးတက်များပြားလာသည်ကို တွေ့ရမည်ဖြစ်သည်။ မိုဘိုင်းဆက်သွယ်ရေးကို အသုံးပြုပြီး အစိုးရ၏ ဝန်ဆောင်မှုများကို ပြည်သူများအနေဖြင့် နေရာအနှံ့အပြားမှ ရယူအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။ နည်းပညာလျင်မြန်စွာဖွံ့ဖြိုး တိုးတက်လာခြင်းကြောင့် အကျိုးကျေးဇူးများရရှိသကဲ့သို့ တစ်ဖက်တွင် ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ သိသိသာသာမြင့်မားလာသည့်အပြင် အစိုးရအဖွဲ့အစည်းများသည်ပင် အန္တရာယ်နှင့်ရင်ဆိုင်လာရသည်။

ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်အုပ်ချုပ်ရေးကို အသွင်ကူးပြောင်းရာတွင် စိန်ခေါ်မှုများစွာရှိသည်။ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်နှင့် မျှော်မှန်းချက်များ ပြည့်မီစေရန်အတွက် အစိုးရ၏လုပ်ငန်းဆောင်တာများ၊ လုပ်ဆောင်မှုပုံစံများ၊ ပြုပြင်ပြောင်းလဲမှုများကို ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ မဆောင်ရွက်နိုင်ပါက ဝန်ဆောင်မှုများ အရည်အသွေးမပြည့်မီခြင်း၊ ရန်ပုံငွေမလုံလောက်ခြင်း၊ အရင်းအမြစ်များနှင့် စီးပွားရေးအခွင့်အလမ်းများဆုံးရှုံးခြင်း စသည်တို့ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးသည်။

e-Government စနစ်ကို အောင်မြင်စွာတည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်၊ သဘာဝအရင်းအမြစ် စသည့်အရင်းအမြစ် များစွာလိုအပ်သည့်အပြင် စိတ်အားထက်သန်စွာဖြင့် လုပ်ကိုင်ရန်လည်းလိုအပ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက မျှော်မှန်းဆောင်ရွက်လျက်ရှိသည့် ဒစ်ဂျစ်တယ် အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်နိုင်ရန်အတွက် လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများအပေါ် ဒစ်ဂျစ်တယ်ခြိမ်းခြောက်မှုအန္တရာယ်လျော့ပါးရေးနှင့် ပြည်သူဗဟိုပြု e-Government ဝန်ဆောင်မှုများဖွံ့ဖြိုးတိုးတက်လာရေးကို မျက်ခြည်မပြတ် ကြိုးပမ်းဆောင်ရွက်ပြီး ဒစ်ဂျစ်တယ်ရင့်ကျက်ပြည့်စုံမှုဆီသို့ ဦးတည်ရမည်ဖြစ်ပါကြောင်း။ ။