မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှု အရှိန်သည် တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်ကို အကြောင်းပြု၍ ပြည်သူတို့အကြား ကျန်းမာရေးအသိ၊ ကျန်းမာရေးဂရုစိုက်မှုတို့ ယခင်ကထက် များစွာပိုမိုနိုးကြားလာသူများရှိသလို ဥပဒေစည်းကမ်း များ၏ အရေးကြီးမှုကို ကောင်းစွာ သဘောမပေါက်ဘဲ ပေါ့ပေါ့ဆဆ သဘောထားနေကြသူများလည်း မနည်းလှသည်ကို သတိပြုမိပါသည်။
တစ်နေ့တည်းတွင် ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၆၀ ကျော်၊ ၂၇၀ ကျော်အထိ တိုးမြင့်လာသည်ကို ထောက်လျှင် ပျံ့နှံ့မှုက အထူးဂရုပြု ထိန်းချုပ်ကြရန်လိုပြီဟု ဆိုရပါမည်။ ပြည်ပခရီးသွား ရာဇဝင်မရှိပါဘဲ ပြည်တွင်းကူးစက်မှုအဖြစ် စတင်ပြန့်ပွားလာသည်မှာ ဩဂုတ်လလယ်ခန့်ကဖြစ်၏။ ထိုမှစ၍ ကိုဗစ်ဗိုင်းရပ်စ်ပိုးကူးစက်မှု မြန်မာပြည်တွင် ပြန်လျော့လာခဲ့ရာ တစ်လမပြည့်သေးမီကာလတွင် စုစုပေါင်း ၂၄၂၂ ဦး ရှိသွားပြီဖြစ်သည်။ ယင်းတို့အနက်မှ လူနာရှစ်ဦး ထပ်မံကွယ်လွန်သွားခဲ့ရာ ကိုဗစ်ကြောင့် ကွယ်လွန်သူ စုစုပေါင်း ၁၄ ဦး ရှိခဲ့ပြီ။
ပြန့်ပွားကူးစက်မှုနှုန်း မြန်ဆန်လာနေသည်ကို အချိန်မီထိန်းချုပ် တားဆီးနိုင်ရေးသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးကြီးနေပြီ ဖြစ်ပါသည်။ ယင်းသို့ ပျံ့နှံ့နှုန်းမြင့်မားလာမှုတွင် ကပ်ရောဂါ ဘေးဒဏ်ကို အကြောင်းပြု၍ ထုတ်ပြန်ခဲ့သော စည်းမျဉ်း စည်းကမ်းများ၊ ဥပဒေများကို လိုအပ်သလို ထုတ်ပြန်ခဲ့ခြင်းကို အလေးမထား မလိုက်နာခြင်းက အဓိကအကြောင်းရပ် ဖြစ်နေပါသည်။
စည်းကမ်း ဥပဒေများ၏ ရည်ရွယ်ချက်မှာ မိမိနှင့် မိသားစုကို ကာကွယ်ရင်း အခြားသူများကိုပါ ကာကွယ်ရန်ဖြစ်၏။ ယခုပြန့်ပွား မှုသည် ရောဂါပိုးစတင်ဝင်ရောက်စဉ်ကထက် များစွာပိုမိုမြန်သည် ဆိုခြင်းကို အလေးထားကြရန်လို၏။ ယခု တစ်ကျော့ပြန်ဖြစ်ပွားမှု သည် ပျံ့နှံ့မှုမြန်ဆန်ရုံမျှမက ထိခိုက်ဖိတ်စဉ်မှုပါ မြန်၏။ ယခု ဆုံးပါး သူများထဲက နှစ်ဦးမှာ အခြားသော ရောဂါအခံလည်းမရှိ၊ အရွယ် ကောင်းများဟု ဆိုရမည့်သူများဖြစ်၏။ ကိုဗစ်ရောဂါ၏ တိုက်ခိုက်မှု ကြောင့် ဆုံးရှုံးရသူများအဖြစ် သတ်မှတ်ရမည်ဟု ယူဆပါသည်။
ဆီးချို၊ သွေးတိုး အစရှိသော ရောဂါအခံရှိသူများ၊ အသက်အရွယ် ကြီးသူများအတွက် ဤရောဂါပိုးက အန္တရာယ်ကြီး၏။ သို့သော်လည်း ယခုကူးစက်ဖြစ်ပွားနေသူများထဲတွင် လူငယ်လူရွယ်များပါ ပါဝင် နေသည်ကို သတိပြုရန်လိုပါ၏။ အသက်အရွယ်မရွေး ရောဂါပိုး ဝင်ရောက်လာနိုင်၏။ ထိခိုက်နစ်နာ၍ အသက်ဆုံးရှုံးသည်ထိပင် ဖြစ်နိုင်၏ဟူသည်ကို နားလည်ကြရန်လိုပါသည်။
ယခု ရောဂါပိုးကူးစက်ပြန့်ပွားမှုတွင် ရန်ကုန်မြို့ရှိ ကေတီဗွီ ဆိုင်တစ်ဆိုင်မှတစ်ဆင့် ကူးစက်မှုမှာ ၈၀ အထိရှိကြောင်း သိရ၏။ အလွန်ထင်ရှားနေသည်မှာ လူစုလူဝေးများပြားပြီး လူချင်း အနည်းဆုံး ခြောက်ပေခွာနေရမည်ဟူသည့် အခြေခံကို ချိုးဖောက်ခြင်း ဖြစ်ပေ သည်။ လူတစ်ဦးနှင့် နီးနီးကပ်ကပ်ဖြင့် စားသောက်စကားပြော သီချင်းဆိုကြသည်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ချင်တိုင်းကူးစက်ဖို့ အခွင့်အရေး ပေးလိုက်သကဲ့သို့ပင်။
ထို့ပြင် ရခိုင်ပြည်နယ်မှာ စတင်ဖြစ်ပွားပြီဟု သိသည့်အချိန်မှ စကာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခရီးသွားလာမှုကို ကန့်သတ်ခဲ့ပါသည်။ ယခုအခါ ပြည်တွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အများအပြား ကူးစက်ပျံ့နှံ့နိုင်သည့် အရိပ်အခြည် များရှိသည့်အတွက် ပြည်တွင်းခရီးသွားလာမှုကို ကန့်သတ်လိုက်ပြီ ဖြစ်ပါသည်။ မြို့တွင်းတွင် အရေးပေါ်ကိစ္စနှင့် ကျန်းမာရေးကိစ္စများက လွဲ၍ အပြင်မထွက်ကြဘဲ အိမ်တွင်း၌သာ နေထိုင်ကြရန်လည်း ကြေညာထားပါသည်။ စားရေးသောက်ရေးကိစ္စများအတွက် မဖြစ် မနေ ဈေးရောင်း ဈေးဝယ်လုပ်နိုင်ရန် ဈေးများကို တင်းကျပ်သော အစီအမံများဖြင့် ဖွင့်လှစ်ထားကာ ပြည်သူလူထုကလည်း သတ်မှတ် ထားသည့် စည်းကမ်း စည်းမျဉ်းများကို တိတိကျကျ လိုက်နာကြရန် လိုပါသည်။
ယခုကပ်ရောဂါဘေးက ကမ္ဘာနှင့်အဝန်း ဖြစ်ပွားနေခြင်းဖြစ်၏။ အစိုးရိမ်လွန်၊ အကြောက်လွန်ကြရန် မလိုဘူး ဆိုသော်လည်း အသိဉာဏ်အချင့်အချိန်ဖြင့် သတိကြီးကြီးထားကာ စည်းကမ်း လိုက်နာကြရေးက အရေးကြီး ပါသည်။
စည်းကမ်းဥပဒေများဆိုသည်မှာ အများပြည်သူကို ကာကွယ် စောင့်ရှောက်ရန်ရည်ရွယ်ချက်ဖြင့် ထုတ်ပြန် ပြဋ္ဌာန်းရခြင်းဖြစ်၏။ စည်းကမ်းဥပဒေများကို လိုက်နာခြင်း၊ အသိဉာဏ် သတိမှန်ဖြင့် တစ်ဦးချင်းက စနစ်တကျ လိုက်နာစောင့်ထိန်း ကြခြင်းတို့ဖြင့် မြန်မာ နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုအားလုံး ကပ်ရောဂါဘေးက ကင်းဝေး အေးချမ်းကြပါ စေသတည်း။