နေပြည်တော် ဇူလိုင် ၁၀
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စီမံကိန်းဆောင်ရွက်မည့် ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် သင်တန်းများ ဖွင့်လှစ်ရာတွင် အမှန်တကယ်လုပ်ငန်းထူထောင် မည့်သူများကိုသာ စုစည်းပြီး သင်တန်းဖွင့်လှစ်ဆောင် ရွက်ပေးရန်နှင့် သင်တန်းဆင်းများကို လုပ်ငန်းထူထောင်နိုင်သည်အထိ လိုအပ်သောစက်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများကို ရင်းနှီးပံ့ပိုးကူညီပေးရမည်ဆိုသည့် မူဝါဒချမှတ်ပေးခဲ့ကြောင်း၊ စက်ပစ္စည်းများ သုံးစွဲခွင့်ပေးရာတွင် ၎င်းတို့အမှန်တကယ် လိုအပ်သော၊ ဝယ်ယူလိုသော စက်ပစ္စည်းများကို ၎င်းတို့၏ ဆန္ဒသဘောထားနှင့်အညီ ဝယ်ယူသုံးစွဲခွင့်ပေးကြရန် အဓိကထားမှာကြားလိုကြောင်း။
ပြန်လည်ပို့ချပေးရမည်
စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းများကို ဦးဆောင်ပြီး ဆောင်ရွက်ကြမည့်ဌာနမှ စီမံကိန်းတာဝန်ခံများနှင့် ကျေးရွာ ၂၂၁ ရွာမှ ရွေးချယ်ထားသည့် ကျေးရွာအဖွဲ့ခေါင်းဆောင်များကို ခေါ်ယူပြီး စီမံကိန်းလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်လာကြသည့် စီမံကိန်းဝန်ထမ်းများနှင့် ကျေးရွာအဖွဲ့ ခေါင်းဆောင်များကလည်း သင်တန်းမှ သင်ကြားပေးခဲ့သည်များကို မိမိတို့၏ကျေးရွာများတွင် ကျန်ရှိခဲ့သည့် ကော်မတီဝင်များကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းတာဝန်ခံများအနေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှု ရှိ/မရှိ၊ မြေပြင်တွင် ဖြစ်ပေါ်နေသောအခက်အခဲများကို ဖြေရှင်းဆောင် ရွက်ပေးရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းစောင့်ကြည့်လေ့လာခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်း (M&E)ကို ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တက်ရောက်လာကြသူများ အနေဖြင့် မိမိတို့ကျေးရွာ၏ စီမံကိန်းခေါင်းဆောင် များဖြစ်ကြ၍ ပရဟိတစိတ်မွေးကြရန်၊ ခေါင်းဆောင်အင်္ဂါရပ်များနှင့်အညီ ဦးဆောင်ကြရန်၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်ဖွဲ့စည်းထားပြီးဖြစ်၍ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ကြရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး/ ပြည်နယ်များမှ စီမံကိန်းဆောင်ရွက်မည့် ဝန်ထမ်းများနှင့် ကျေးရွာအဖွဲ့ခေါင်းဆောင်များကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယခုသင်တန်းတွင် ဘဏ္ဍာရေးဆိုင်ရာစာရင်းရေးဆွဲနည်းနှင့် ထိန်းသိမ်းနည်းဘာသာရပ်၊ ဈေးကွက်ရှာဖွေရေးဆိုင်ရာ ဘာသာရပ်၊ စီမံကိန်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးခြင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နှင့် ကုန်ထုတ်လုပ်ငန်းများ၏ ဝင်ငွေခွန်ဆိုင်ရာအသိ ပညာပေးခြင်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှု၊ လက်မှု၊ အပ်ချုပ်၊ ရက်ကန်းစသည့် ကုန်ထုတ်လုပ်ငန်း အမျိုးအစားအလိုက် အသိပညာပေးခြင်းတို့ကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်သည်။
အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း” များကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုရှိ ကျေးရွာ ၁၅၁ ရွာတွင် ဆောင်ရွက်ခဲ့ပြီး ကျေးရွာတစ်ရွာလျှင် လုပ်ငန်းထူထောင်လိုသူ ငါးဦးကိုရွေးချယ်ကာ အသေးစားကုန်ထုတ်လုပ်ငန်းရှင် ၇၅၅ ဦးကို လုပ်ငန်းထူထောင်ပေးနိုင်ခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း ကျေးရွာ ၂၂၁ ရွာ၌ ဆောင်ရွက်သွားမည်ဖြစ်ကာ အသေးစားကုန်ထုတ်လုပ်ငန်းရှင် ၁၁၀၅ ဦးကို လုပ်ငန်းထူထောင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်