ကျွန်တော်ပါဝင်သော အမျိုးသားပညာရေး မူဝါဒကော်မရှင် (NEPC) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် သုံးဦးတို့သည် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (National Management Degree College) သို့ လေ့လာရေးခရီး သွားရောက်ခဲ့ပါသည်။ ဤကောလိပ်သည် သာမန်သမားရိုးကျကောလိပ်၊ တက္ကသိုလ်များနှင့်မတူ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ပညာဘွဲ့ (B.BM – Bachelor of Business Management)၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ် စာဘွဲ့ (B.A. EPP – Bachelor of Arts (English for Professional Purposes)၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်စီမံခန့် ခွဲမှုပညာဘွဲ့ (B.THM – Bachelor of Tourism and the Hospitality Management )၊ သတင်းအတတ်ပညာဘွဲ့ [ B.A. JNL – Bachelor of Arts (Journalism)]တို့ကို ဘွဲ့ပေးရာ ဘွဲ့ရရှိသူအားလုံးနီးပါး အလုပ်အကိုင်ရရှိကြပါသည်။
ပညာရှင်ဦးရေမွေးထုတ်ပေးနိုင်ရန် စီမံကိန်းချမှတ်ရ
ကျွန်တော်အပါအဝင် မိဘအများစုမှာ သားသမီးကို ချစ်ခင်ကြသည့်အလျောက် သားသမီးတိုင်း ဘွဲ့ရစေချင်သည်၊ သားသမီး များက ဘွဲ့လွန်သင်တန်း (မဟာ၊ ပါရဂူ) ဆက်တက်ချင်သည် ဆိုလျှင်လည်း ငွေကြေး အကုန်အကျခံပြီးထားပေးနေကြပါသည်။ ရရှိသောဘွဲ့က အလုပ်အကိုင်နှင့်ကိုက်ရဲ့လား၊ နိုင်ငံတော်အတွက် တကယ်လိုအပ်နေသော ဘာသာရပ်ဖြစ်ရဲ့လား၊ မစဉ်းစားအားပါ။ အချိန်အကုန်ခံ၊ ငွေအကုန်ခံပြီး ထားပေးနေ ကြပါသည်။ နိုင်ငံအတော်များများမှာ အဆင့် မြင့်ပညာ သင်ကြားပေးသော တက္ကသိုလ် အများစုသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုနိုင်သော ဘာသာရပ်များကိုသာ ဦးစားပေး သင်ကြား ကြပါသည်။ တက္ကသိုလ်များ လက်ရှိသင်ကြားနေသော သင်ရိုးညွှန်းတမ်းများသည် နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက် အထောက်အကူမပြုနိုင်သေးပါက လက်ရှိသင်ယူ၊ သင်ကြားနေသော ဘာသာများကို ခေတ္တဆိုင်းငံ့ပြီး ဘာသာရပ်အသစ်ပြောင်းလဲ သင်ကြားပေးနိုင်သော တက္ကသိုလ် များအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပဋိညာဉ် (University Charter or Act) အရ ဆောင်ရွက်ကြပါသည်။ တက္ကသိုလ်များမှ မွေးထုတ်လိုက်သော ဘွဲ့ရ ပညာတတ်များသည် နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအတွက် တိုက်ရိုက် အထောက်အကူပြု၊ မပြုကို နိုင်ငံတော် ဘဏ္ဍာ ငွေများဖြင့် အရင်းအနှီးပြုထားရသော တက္ကသိုလ် အဆောက်အအုံ၊ နှစ်စဉ်ကုန်ကျ စရိတ်၊ ဆရာ ဆရာမ၊ ဝန်ထမ်းများလစာ များအပါအဝင် ထည့်တွက်ရပါမည်။ နောင် ငါး နှစ်၊ ၁၀ နှစ် အတွက် ဘာသာရပ်အလိုက် လိုအပ်မည့်ပညာရှင်ဦးရေ (ဥပမာ - ဆရာဝန်၊ အင်ဂျင်နီယာ၊ ပညာရေး၊ စီးပွားရေး စသည်) မွေးထုတ်ပေးနိုင်ရန် စီမံကိန်းချမှတ်ရပါမည်။
တာဝန်ထမ်းဆောင်လျက်ရှိ
ကျွန်တော်သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးပညာဘွဲ့ (B.Ag) ကို ၁၉၇၉ ခုနှစ်တွင်ရရှိခဲ့ပြီး ယင်းတက္ကသိုလ် လယ်ယာသီးနှံဌာန (Agronomy Department)၌ ဘွဲ့ရပြီးသည်မှစတင်၍ သရုပ်ပြ၊ လက်ထောက် ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ (ကျောင်းအုပ်ကြီး)၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခချုပ်အဖြစ် အလုပ်တာဝန်ထမ်းဆောင်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့ပြီး ယခုအခါ အမျိုးသား ပညာရေးမူဝါ ဒကော်မရှင်တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်း ဆောင်လျက် ရှိပါသည်။ ကျွန်တော်စာရေးလျှင် ကလောင်အမည်မှာ ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)၊ ဒေါက်တာ မျိုးကြွယ် (AUAA) – Agricultural University Alumni Association စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရအသင်း၊ ဒေါက်တာမျိုးကြွယ် (NEPC)-National Education Policy Commission - အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးမျိုးရေးသော်လည်း တစ်ဦးတည်းဖြစ်ပါ သည်။ ၂၀၁၁ ခုနှစ် ဒုတိယပါမောက္ခချုပ် ဖြစ်သည်မှစ၍ သတင်းစာ၊ ဂျာနယ်တို့တွင် ဆောင်းပါးများ မကြာမကြာရေးဖြစ်လာပါ သည်။ အထူးသဖြင့် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ နယ်သာလန်၊ ဩစတြေးလျ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း စသည့်နိုင်ငံများ၏ တက္ကသိုလ်များကို သွားရောက်လေ့လာခွင့်ရသည့်အခါ သူတို့ ဖွံ့ဖြိုးတိုးတက်သကဲ့သို့ ကျွန်တော်တို့နိုင်ငံ သည်လည်း မည်သည့်အတွက်ကြောင့် မတိုး တက်ဘဲနေရမည်လဲဟူ၍ စိတ်ထဲတွင် အမြဲကိန်းအောင်းလျက် ရှိပါသည်။
နာမည်ကြီးတက္ကသိုလ်အဖြစ် ရပ်တည်ခဲ့ရဖူး
သူတို့၏ ပြောစကားများအရ တက္ကသိုလ်ကို လွတ်လပ်စွာ စီမံခန့်ခွဲနိုင်မှုသည် (University Autonomy) တစ်နည်းအားဖြင့် ဗဟိုလုပ်ပိုင် ခွင့်အာဏာကိုလျှော့ချခြင်း (Decentralization) သည် အရေးကြီးသည်ဆိုသည်ကို မကြာမကြာ ကြားသိနေရပါသည်။ ကျွန်တော်တို့နိုင်ငံတွင်လည်း ထိုလုပ်ငန်းစဉ်ကို ၁၉၆၂ ခုနှစ် မတိုင်မီ က ရန်ကုန်တက္ကသိုလ်တွင် ရရှိကျင့်သုံးခဲ့ပြီး ရန်ကုန် တက္ကသိုလ်သည် အရှေ့တောင်အာရှ ဒေသအတွင်း နာမည်ကြီးတက္ကသိုလ် (Flagship University) အဖြစ် ရပ်တည်ခဲ့ရဖူးပါသည်။ ထိုကဲ့သို့ နိုင်ငံတကာ ဂုဏ်သတင်းမွှေးသော (Reputable University) တက္ကသိုလ် များအဖြစ်သို့ မြန်မာနိုင်ငံတက္ကသိုလ်များ ပြန်လည်ရောက်ရှိလာစေရန် ကိုဗစ်အလွန် ကာလတွင် အင်အားအပြည့်ဖြင့် အရွေ့တစ်ခု ရအောင် ဤဆောင်းပါးများမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ပါရမီဖြည့်ခွင့်ရလျှင် ကျွန်တော့် အနေဖြင့် ကျေနပ်အားရပီတိဖြစ်မိပါပြီ။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) ၏ အခြားတက္ကသိုလ်၊ ကောလိပ်များ နှင့် မတူသည့်အချက်မှာ ခေတ်မီနည်းပညာများ ကို အသုံးပြုကာ စာတွေ့၊ လက်တွေ့ ပေါင်းစပ် သင်ကြားမှု ပုံသဏ္ဌာန်ကို ကောလိပ်ရှိ ဆရာ ဆရာမများအပြင် အခြားတက္ကသိုလ်ရှိ ဆရာ ဆရာမများနှင့် ပြင်ပလုပ်ငန်းရှင်များ၊ အသိ ပညာ၊ အတတ်ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။ ထို့အပြင် ကျောင်းသား ကျောင်းသူများအားလုံးကို လုပ်ငန်းခွင်အလုပ်သင်လုပ်ငန်း (Internship) နှစ်လမှ ခြောက်လအတွင်း လက်တွေ့ လုပ်ငန်းခွင် ဆင်းရန် စီစဉ်ထားရှိခြင်းကို တွေ့ရှိရပါသည်။ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများကို လုပ်ငန်းခွင်ရှိ မန်နေဂျာ များ၊ လူ့စွမ်းအား အရင်းအမြစ် ဒါရိုက်တာ (HR Director) များနှင့် တွေ့ဆုံပေးသော အလုပ်ခွင်ပေါင်းစပ် ပေးသည့်ပွဲတော် (Career Fair) ကို နှစ်စဉ်ကျင်းပပေးခြင်းဖြင့် ဘွဲ့ရပြီးသည်နှင့် အများစုမှာ အလုပ်အကိုင် ချက်ချင်းရရှိကြပါသည်။
ရန်ကုန် စီးပွားရေးတက္ကသိုလ်နှင့်ပူးပေါင်းဖွင့်လှစ်ခဲ့
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သည် ၁၉၄၈ ခုနှစ်တွင် သက်ကြီးတက္ကသိုလ် အဖြစ် စတင်ပေါ်ပေါက် လာခြင်းဖြစ်ပါသည်။ ထို့နောက် ၁၉၆၄ ခုနှစ်တွင် လုပ်သားများ ကောလိပ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်ဖြစ်လာပြီး ၂၀၁၆ ခုနှစ်တွင် ဒီဂရီ ကောလိပ်အဖြစ်သို့ အဆင့်မြှင့်တင်ခဲ့၏။ ဒီဂရီကောလိပ်အဖြစ် စတင်ဖွင့်လှစ်သည့် ၂၀၀၄ ခုနှစ်တွင် Business Management Program ကို ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ English for Professional Purposes Program ကို ရန်ကုန်တက္ကသိုလ်တို့နှင့် ပူးပေါင်းကာ Program နှစ်ခုကို စတင်ပို့ချခဲ့ ပါသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းကာ ၂၀၀၇ ခုနှစ်တွင် Journalism ဘာသာရပ်နှင့် ၂၀၁၂ ခုနှစ်တွင် Tourism Management Program တို့ကို တိုးချဲ့ ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် Tourism Management Program အတွက် သင်ရိုး ညွှန်းတမ်းကို ခေတ်နှင့်ပိုမိုလျော်ညီအောင် ပြုပြင်ကာ Tourism and Hospitality Management Program အဖြစ် ရန်ကုန် စီးပွားရေးတက္ကသိုလ်နှင့် ပူးပေါင်း ဖွင့်လှစ်ခဲ့ပါသည်။
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) ၏ အခြားတက္ကသိုလ်များနှင့် ပူးပေါင်းဖွင့်လှစ်သည့် ပုံသဏ္ဌာန်မှာ ကျောင်း သား ကျောင်းသူများကို မိမိတို့ကျောင်းတွင် နောက်ဆုံးနှစ်အထိ သင်ကြားပေးပြီး ဘွဲ့ လက်မှတ်ကိုပူးပေါင်းထားသည့် တက္ကသိုလ် များက ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပါသည်။
ခရီးသွားလုပ်ငန်းပညာဌာန စတင်ဖွင့် လှစ်သည်မှ ၂၀၁၉ ခုနှစ်အထိ ၅၀၉ ဦး ဘွဲ့ရပြီးပါပြီ။ မန္တလေးတိုင်းဒေသကြီး မန္တလာ တက္ကသိုလ်တွင်လည်း ဘွဲ့ပေးနေပါ သည်။ မဟာဘွဲ့ (MA Tourism)၊ ပါရဂူဘွဲ့ရ (PhD Tourism) များစွာထွက်ပေါ်လာအောင် ဆောင်ရွက်ရ ပါဦးမည်။ မြန်မာနိုင်ငံ တက္ကသိုလ် ပေါင်းစုံတွင် နိုင်ငံအကျိုးပြုဘာသာရပ် ဘွဲ့လွန်သင်တန်းများစွာရှိမှ နိုင်ငံတော်နှင့် တိုက်ရိုက် သက်ဆိုင် သော သုတေသနများစွာ ပြုလုပ်နိုင်ပါမည်။
ပုံစံအသစ်နှင့် ခရီးသွားကဏ္ဍမှ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်
ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံး တစ်နှစ်ကမ္ဘာလှည့်ခရီးသွားဦးရေ သုံး၊ လေး သန်းရှိချိန်တွင် ကျွန်တော်တို့ အိမ်နီးနားချင်း ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားတစ်နှစ် သန်း ၃၀-၄၀ အထိရှိပါသည်။ ဟောင်ကောင် တွင် ၂၀၁၁ ခုနှစ်က သန်း ၆၀ အထိ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်သည်ဟု သိရှိရပါသည်။ ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် (Chaing Mai Provance) တစ်ခုတည်း လျှင်ပင် (အကျယ်အဝန်းမှာ ရှမ်းပြည်နယ် လောက်ပင်ရှိပါမည်) ကမ္ဘာလှည့်ခရီးသွား ၁၀ သန်းရှိသည်ဖြစ်ရာ ၂၀၁၉ ခုနှစ် ကျွန်တော်တို့အဖွဲ့ သုတေသနဆွေးနွေးပွဲ သွားရောက်ခဲ့စဉ်က ချင်းမိုင်အပြည်ပြည် ဆိုင်ရာလေဆိပ် (Chaing Mai International Airport) သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ထက် သေးငယ်သော်လည်း လေယာဉ် အဝင်၊ အထွက် သုံး၊လေးဆ ပိုနေသည်ကို သတိထားမိနေပါသည်။ ချင်းမိုင်ရှိ တက္ကသိုလ် နှစ်ခု ချင်းမိုင်တက္ကသိုလ် (Chaing Mai University) လက်အောက် လူမှုရေးမဟာဌာန (Faculty of Humanities)၊ ခရီးသွားလုပ်ငန်းဌာန (Department of Tourism) နှင့် မေဂျိုတက္ကသိုလ် (Maejo University) လက်အောက်ခရီးသွားလုပ်ငန်း ပညာအဆင့်မြင့်ကျောင်း (School of Tourism Development) တွင် ခရီးသွား လုပ်ငန်းနှင့် ဧည့်ဝန်ဆောင်စီမံခန့်ခွဲမှုပညာဘွဲ့ရသူများ (မေဂျိုတက္ကသိုလ်၊ ခရီးသွား လုပ်ငန်းဘွဲ့ရဦးရေ ၂၅၀၀) သည် မြန်မာနိုင်ငံ ထက် ပိုများနေပါသည်။ ထိုင်းနိုင်ငံတက္ကသိုလ် အားလုံးနီးပါး ခရီးသွားလုပ်ငန်းဌာန ရှိသည် ဟု ပြောပါသည်။ ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အမြန်ဆုံး၊ ဝင်ငွေအကောင်းဆုံး၊ မီးခိုးမထွက်သည့်စီးပွားရေးလုပ်ငန်း ဖြစ်ပါသည်။ အခုတော့ ကိုဗစ်နှင့်အတူ ပုံစံအသစ်နှင့် ခရီးသွားကဏ္ဍမှ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရပါမည်။
ထို့အတူ စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ တီဗွီ စသည်တို့ အတွက် သတင်းကျင့်ဝတ်ကောင်းဖြင့် ဆောင်ရွက်ရသော သတင်းအတတ်ပညာ သည် နိုင်ငံတော်အတွက် အလွန်အရေးကြီး ပါသည်။ ဤကောလိပ်မှ သတင်းအတတ်ပညာ ဘွဲ့ရနှစ်စဉ် ၅၀ ခန့် မွေးထုတ်ပါသည်။ သို့သော် နိုင်ငံတကာသတင်းအတတ်ပညာရှင် အရေ အတွက်နှင့်ယှဉ်ကြည့်လျှင် အလွန့်အလွန် နည်းနေပါသေးသည်။ မဟာဘွဲ့ (MA Journa lism)၊ ပါရဂူဘွဲ့ရ (Ph.D Journalism)
များစွာ ထွက်ပေါ်လာအောင် ဆောင်ရွက် ရပါဦးမည်။
၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်တွင်စတင်သင်ကြားပေးခဲ့
စတင်ဖွင့်လှစ်သည့် ၂၀၀၇ - ၂၀၀၈ ပညာသင်နှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ပံ့ပိုး ရေးဆွဲပေးခဲ့သည့် သင်ရိုးညွှန်းတမ်းနှင့် သင်ရိုး မာတိကာ များကို အခြေခံကာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနမှ ဆရာ ဆရာမများ ပူးပေါင်းသင်ကြားပို့ချပေးခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် UNESCO Participation Programme (2012-2013) အစီအစဉ်အရ "Capacity Building of Teachers of Journalism and Review on Journalism Courses at the Department of Journalism, National Management College" ခေါင်းစဉ်ဖြင့် သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ အဆင့်မြှင့်တင်ရေးဆွဲခဲ့ ပြီး ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်တွင် စတင် သင်ကြားပေးခဲ့ပါသည်။
UNESCO Model သင်ရိုးညွှန်းတမ်းအရ အဓိကဘာသာရပ်များအဖြစ် သင်ကြားပေးနေ သော သင်ရိုးများမှာ - Journalism and Society, Reporting and Writing, Media Law, Translation for Journalism, Journalism Ethics, Business Journalism, Journalism Management, Public Affairs Reporting, Radio Journalism, Photo Journalism, Data Journalism, Newspaper Journalism, Television Journalism, Business and Economic Reporting, International Reporting, Environmental Journalism, Interactive Journalism, Magazine Journalism, Health Journalism နှင့် Reporting Diversity တို့ဖြစ်ပါသည်။
အလွန်အဖိုး တန်လှသောပညာဖြစ်
သတင်းအတတ်ပညာ အထူးပြုဘာသာ ရပ်တွင် ကျောင်းသား ကျောင်းသူများအနေဖြင့် တတိယနှစ်၏ ပထမပညာသင်နှစ်ဝက် အပြီးတွင် ပုံနှိပ်မီဒီယာ (Print Media) များဖြစ် သည့် သတင်းစာတိုက်၊ ဂျာနယ်တိုက်၊ မဂ္ဂဇင်း တိုက်များသို့ Internship (လက်တွေ့လုပ်ငန်း ခွင် ဆောင်ရွက်ခြင်း) ကို နှစ်လကြာ ဆောင် ရွက်ရပါသည်။ တတိယနှစ်၏ ဒုတိယပညာသင် ကာလအပြီးတွင် ရေဒီယိုနှင့် FM အသံလွှင့် ဌာနများ၌ နှစ်လကြာလက်တွေ့လုပ်ငန်းခွင် ဆောင်ရွက်ရပါသည်။ ထို့အတူ လုပ်ငန်းခွင် သုံး အင်္ဂလိပ်စာပညာ (English for Professional Purposes) သည်လည်း သာမန်အင်္ဂလိပ်စာ အထူးပြုမေဂျာများနှင့်မတူဘဲ လက်တွေ့ လုပ်ငန်းခွင်နယ်ပယ်တွင် ကြုံတွေ့နေရသော နိုင်ငံတကာ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ဆက်သွယ်ပြောဆိုရာတွင် အထောက်အကူပြုမှုအတွက် တိုက်ရိုက် အသုံးဝင်သော လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ များသာ သင်ကြားပေးသဖြင့် အလွန်အဖိုး တန်လှသောပညာဖြစ်ပါသည်။ စီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှု ပညာဘွဲ့မှာလည်း ဘွဲ့ရရှိ ပြီးပါက လက်တွေ့စီးပွားရေးလုပ်ငန်း များကို (အစိုးရ၊ ပုဂ္ဂလိက) စနစ်တကျစီမံ ခန့်ခွဲမှုပေးနိုင်မည့် အသုံးချဘာသာရပ် (Applied Subject) ဖြစ်ပါသည်။ ဤဘွဲ့ ပေးနေသော အခြားစီးပွားရေး တက္ကသိုလ် များနှင့်အတူ နိုင်ငံတော်အတွက် လိုအပ် လျက်ရှိသော စီးပွားရေး ပညာရှင်များနေရာ ကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မည်။
အထက်ပါဘာသာရပ်များကို စိတ်ဝင် စားပါက အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီ ကောလိပ်တွင် တက်ရောက်နိုင်ပါသည်-
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်မြင်ပြီး သတင်းစာများမှ သီးခြားခေါ်ယူသည့်အခါ အမျိုးသားစီမံ ခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (ဗိုလ်တထောင် မြို့နယ်)သို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံများဖြင့် တစ်နိုင်ငံလုံးမှ ကျောင်းသား ကျောင်းသူများ တိုက်ရိုက် လျှောက်ထားနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကိုဗစ်အလွန်ကာလများတွင် မြန်မာနိုင်ငံ တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရစနစ်ကျင့်သုံးရင်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို တိုက်ရိုက်အထောက် အကူပြုသော ပညာရပ်များ ပိုမိုသင်ယူ လာခြင်းဖြင့် နိုင်ငံတော်အတွက် အနာဂတ် သားကောင်း၊ သမီးကောင်း ရတနာများ ဖြစ်နိုင်ကြပါစေဟူ၍ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါသည်။ ။
ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)