နေပြည်တော် စက်တင်ဘာ ၁၀
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Video Conferencing ဖြင့်ကျင်းပသည့် (၄၁) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ ဒုတိယစုံညီ အစည်းအဝေးနှင့် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဒုတိယစုံညီအစည်းအဝေးကို နံနက် ၈ နာရီခွဲတွင် စတင်ကျင်းပရာ သက်ဆိုင်ရာကဏ္ဍအလိုက် ကော်မတီများ၏ အစီရင်ခံစာများကို တင်ပြဖတ်ကြား အတည်ပြုကြပြီး (၄၁) ကြိမ်မြောက် AIPA အထွေထွေညီလာခံ၏ ကြေညာချက် (Joint Communique) ကို ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များက E-Signature ဖြင့် အတည်ပြုလက်မှတ်ရေးထိုးကြသည်။
ဆက်လက်၍ ညီလာခံပိတ်ပွဲအခမ်းအနားတွင် AIPA လေ့လာသူပါလီမန်များအဖြစ် မော်ရိုကိုနှင့် နော်ဝေပါလီမန်တို့ကို လက်ခံခြင်း၊ လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဗီယက်နမ်အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ တို့အား AIPA စွမ်းဆောင်ရည်ဆု ပေးအပ်ချီးမြှင့်ခြင်း တို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် အိမ်ရှင် AIPA အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ညီလာခံပိတ်ပွဲ နှုတ်ခွန်းဆက် စကားပြောကြားပြီး လာမည့်နှစ် (၄၂) ကြိမ်မြောက် AIPA အထွေထွေညီလာခံ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်မည့် ဘရူနိုင်းဒါရူဆလင်နိုင်ငံ ဥပဒေပြုကောင်စီသို့ လွှဲပြောင်းတာဝန်ပေးအပ်ရာ ဥပဒေပြုကောင်စီဥက္ကဋ္ဌက AIPA ဥက္ကဋ္ဌတာဝန် လက်ခံရယူကြောင်း မိန့်ခွန်းအား video clip ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)