Skip to main content

တွင်းငယ်-ညောင်ပင်စောက်(မိုးမိတ်) လမ်းပေါ်ရှိ ဥမ္မာချောင်းတံတားချဉ်းကပ်လမ်း ဆောင်ရွက်နေမှုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

မိုးမိတ် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်ရှိ တွင်းငယ်-ညောင်ပင်စောက်(မိုးမိတ်)လမ်းပေါ်ရှိ ဥမ္မာချောင်းတံတား ချဉ်းကပ်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဥမ္မာချောင်းသည် တွင်းငယ်-မိုးမိတ်လမ်း (48 km-49 km)အတွင်း တည်ရှိပြီး မိုးမိတ်ဘက်ကမ်းနှင့် တွင်းငယ်ဘက်ကမ်း နှစ်ခုကြား 392.4 3m(၁၂၈၇.၄၈) ပေ အရှည်ရှိပြီး ချောင်းပေါ်တွင်(၅၆)ပေအရှည် သစ်သားတံတားနှင့် (၂၉)ပေအရှည် သစ်သားတံတား စုစုပေါင်း သစ်သားတံတား(၂)စင်းရှိရာ လမ်း၏ ဝဲ/ယာ တစ်ဘက်တစ်ချက်တွင် အင်းရေပြင်ကဲ့သို့ တစ်နှစ်ပတ်လုံးရေများရှိနေ၍ မိုးရာသီမိုးရွာသွန်းမှု အလွန်များသည့် အချိန်တို့တွင် အင်းရေပြင်ထဲသို့ တောင်ကျချောင်းရေများပြားစွာ ကျဆင်းလာမှုကြောင့် သစ်သားတံတားများပေါ်နှင့် ကားလမ်းပေါ်တို့တွင် ရေ ၂ ပေခွဲ မှ ၃ ပေအထိ ရေ Level မြှင့်တက်၍ ရေကျသည်အထိ သွားလာချိန် စောင့်ဆိုင်းနေရကြောင်း၊ လမ်းပန်းဆက်သွယ်မှုမှာ အချိန်(၂)နာရီမှ (၃)နာရီအထိ စောင့်ဆိုင်းနေရ၍ ယာဉ်များ သွားလာနိုင်မှုမရှိဘဲ ရေများကျသွားမှသာ သွားလာနိုင်ကြောင်း သိရသည်။

အဆိုပါ လမ်းပန်းဆက်သွယ်မှု အခက်အခဲများရှိနေသည့်အတွက် တံတားဦးစီးဌာန (ရုံးချုပ်)သို့ တင်ပြပြီး တံတားဦးစီးဌာန၊ တံတားအထူး အဖွဲ့(၄)မှ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တို့တွင် ခွင့်ပြုရန်ပုံငွေများဖြင့် အဆိုပါ(၅၆)ပေ သစ်သားတံတား နေရာတွင်(၆၀)ပေအရှည် R.C.C    ကွန်ကရစ်တံတားအဖြစ် လည်းကောင်း၊ (၂၉)ပေအရှည် သစ်သားတံတားနေရာတွင် (၂)ခန်းတွဲ 10´×50´R.C.C BOX Culvert များအဖြစ် လည်းကောင်း တည်ဆောက်ပေးပြီး ချဉ်းကပ်လမ်းလုပ်ငန်းများ ဆောင်ရွက်ရန် တံတားဦးစီးဌာနမှ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း(၁၀၀)ဖြင့် ချဉ်းကပ်လမ်းတာပေါင်တည်ဆောက်ခြင်းနှင့် ကျောက်လမ်းခင်းခြင်း လုပ်ငန်းများကို လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၉)မှ ဆောက်ရွက်​ပေးကြောင်းနှင့် အင်းရေပြင်ကဲ့သို့ရှိနေသောနေရာတွင် တာပေါင် တည်ဆောက်နိုင်ရန်အတွက် လမ်းဦးစီးဌာန၊ လမ်းလေယာဉ်ကွင်း ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ လမ်းတာတည်ငြိမ်မှုရရှိနိုင်ရေးအတွက် Geotextile နည်းပညာဖြင့် Design ရေးဆွဲ၍ လမ်းတာ တည်ဆောက်သွားရန် ညွှန်ကြားခဲ့သဖြင့် တံတားဦးစီးဌာနသို့ ဆက်လက်တင်ပြရာ တာပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ် (၁၃၇.၈၄၆)သန်း ခွင့်ပြုခဲ့သဖြင့် အဆိုပါလုပ်ငန်းများအား ထပ်မံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများသည် တံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)