(၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူ နိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်မေတ္တာဆုမွန်ကောင်း တောင်းလိုက်ပါသည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (ကမ္ဘာ့မူးယစ်ဆေးဝါးနေ့) အဖြစ် သတ်မှတ်ခဲ့သည့်အချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးအလွဲသုံးမှုကင်းစင်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလာခဲ့သည်မှာ (၃၇) ကြိမ်မြောက်ရှိပြီဖြစ်ပါသည်။
မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော လူနေမှုဘဝများကို ဆိုးရွားစွာထိခိုက်နစ်နာစေသည့် ဘက်ပေါင်းစုံစိန်ခေါ်မှုတစ်ရပ်အဖြစ် ဖော်ဆောင်လျက်ရှိပါသည်။ မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု စသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွှယ်လျက်ရှိပြီး နိုင်ငံတော်၏လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေလျက်ရှိပါသည်။ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို များစွာထိခိုက်စေနိုင်ပြီး ကမ္ဘာနှင့်အဝန်း လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။
နိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသကဲ့သို့ အခြားတစ်ဖက်မှလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဘိန်းစိုက်ပျိုးမှုပြဿနာ၊ လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှုပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို စနစ်တကျဖွဲ့စည်း၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ခေတ်နှင့်လျော်ညီစေရန် ပြန်လည်သုံးသပ်ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။ အလားတူ ၁၉၉၅ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ နည်းဥပဒေကို ပြင်ဆင်သည့်နည်းဥပဒေကိုလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းသုံးအဆင့်မြင့်ခေတ်မီ ရှာဖွေရေးကိရိယာများ ဝယ်ယူတပ်ဆင်ကာ မူးယစ်ဆေးဝါးသယ်ဆောင်မှုများကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို တပ်ဖွဲ့ခွဲ ၁၁ ခွဲ၊ တပ်ဖွဲ့စု ၇၁ စု တို့ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဖြန့်ကြက်နေရာချထားပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှု အနည်းငယ်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျှော့ချနိုင်ရန်အတွက် ဘိန်းစိုက်ရာသီအတွင်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဆက်စပ်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသခံတိုင်းရင်းသား ပြည်သူများ ပူးပေါင်းပါဝင်လာအောင် စည်းရုံးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ၂၀၂၃-၂၀၂၄ ခုနှစ် ဘိန်းစိုက်ပျိုးရာသီအတွင်း ဘိန်းခင်း ၆၁၈၁ ဧက ကို ဖျက်ဆီးနိုင်ခဲ့ပါသည်။ ဘိန်းအစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၊ သီးနှံများအစားထိုးစိုက်ပျိုးရေးအဖွဲ့နှင့် မွေးမြူရေးအဖွဲ့တို့မှ စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည် ယခင်က ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုသည် အဓိကပြဿနာတစ်ရပ်ဖြစ်ခဲ့သော်လည်း ယခုအခါ ကမ္ဘာ့နိုင်ငံများနည်းတူ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုပြဿနာကို ဆိုးရွားစွာရင်ဆိုင်နေရပါသည်။ လူလုပ်မူးယစ်ဆေးဝါး (Synthetic Drug) ထုတ်လုပ်မှုလျှော့ချရေးအတွက် ထိန်းချုပ်ဓာတုပစ္စည်းနှင့် ထိန်းချုပ်ထားခြင်းမရှိသည့် ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်လာမှုအား ထိရောက်စွာ ထိန်းချုပ်နိုင်မှသာ ထုတ်လုပ်မှုလျော့ကျနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်လျက်ရှိပြီး ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေးအတွက် အဆင့်ဆင့်စစ်ဆေးကြပ်မတ်၍ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ပနိုင်ငံများမှ ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်မှုမရှိစေရေးနှင့် လမ်းလွဲမရောက်ရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဓာတုပစ္စည်းတင်ပို့ရောင်းချသည့် ပြည်ပနိုင်ငံများနှင့် ပို့ကုန်ကြိုတင်သတင်းပေး (Pre-Export Notification, PEN) စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည် ဓာတုပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ပထဝီအနေအထားအရ စက်မှုဖွံ့ဖြိုးပြီး ဓာတုပစ္စည်းထုတ်လုပ်သည့် နိုင်ငံတို့အကြားတည်ရှိနေသည့်အတွက် နယ်စပ်ဒေသများမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်းရှိ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် မူးယစ်ဆေးဝါးနှင့် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုနေသော်လည်း လက်တွေ့တွင်မူ ၎င်းတို့ထိန်းချုပ် ရာနယ်မြေများ၌ ဓာတုပစ္စည်းများကို နယ်စပ်ဖြတ်ကျော် တရားမဝင်တင်သွင်းခြင်း၊ ပြည်ပမှ ဓာတုကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါးထုတ်လုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေချိန်တွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုများအပေါ် အခွင့်ကောင်းယူပြီး အကြမ်းဖက်သောင်းကျန်းသူများမှ မြို့/ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အင်အားတိုးချဲ့ခြင်း၊ ၎င်းတို့တိုင်းရင်းသားများ နေထိုင်ရာဒေသများ၌ မတည်မငြိမ်ဖြစ်အောင် အဖျက်လုပ်ငန်းများပြုလုပ်ခြင်းဖြင့် စီးပွားရေးကျဆင်းအောင်ဆောင်ရွက်ခြင်း၊ မြို့/ရွာများ၌ ပညာသင်ကြားခွင့်မရအောင်ဆောင်ရွက်ခြင်းတို့အား ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း လမ်းပန်းဆက်သွယ်ရေးများ မပြတ်တောက်စေရေးနှင့် ဒေသတည်ငြိမ်ရေးအကြမ်းဖက်သောင်းကျန်းသူများ၏ တရားမဝင်မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်နေမှုကို တားဆီးနှိမ်နင်းရေးနှင့် လက်နက်/ ခဲယမ်း/ မီးကျောက်သယ်ယူမှုများကို တားဆီးနိုင်ရေးတို့အတွက် ငြိမ်းချမ်းရေးကိုလိုလားသည့် တိုင်းရင်းသားအဖွဲ့များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လုံခြုံရေးနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိပါသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း ၄၀ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်အတွင်း Operation 39 အထူးစစ်ဆင်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို အောင်မြင်စွာဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၂၄ ခုနှစ်တွင်လည်း Operation 39/24 အထူးစစ်ဆင်ရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိနေသော်လည်း ဖမ်းဆီးရမိသည့် အဓိကတရားခံများကို ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရေးနှင့် အချို့တရားခံများမှာ ပြစ်ဒဏ်မှ လွတ်မြောက်ပြီးနောက် ပြစ်မှုများထပ်မံကျူးလွန်နေသည်ကို ဖမ်းဆီးရမိမှုဖြစ်စဉ်များအရ တွေ့ရှိရသည့်အတွက် တရားခံများ၏ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ရာမှ ရရှိသည့်ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် ထိထိရောက်ရောက် သိမ်းဆည်းအရေးယူသွားမည်ဖြစ်ပါသည်။
ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့များတွင် မီးရှို့ဖျက်ဆီးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၌ ငွေကျပ် ၉၃၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့တွင် မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါသည်။
“ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ကောင်းသည်” ဟူသည့်စကားအတိုင်း ကျောင်းသားလူငယ်များအတွက် အဆင့်မြင့်နှင့် အခြေခံပညာကျောင်းများ၊ ကျောင်းပြင်ပစခန်းများတွင် မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူတစ်ရပ်လုံး မူးယစ်ဆေးဝါးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိရှောင်ရှားနိုင်ရန်အတွက် အသိပညာပေးလှုံ့ဆော်ရေးလုပ်ဆောင်မှုများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးလုပ်ငန်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး စသည့်အဖွဲ့အစည်း ၅ ခုဖြင့် မူးယစ်ဆေးဝါးပညာပေးရေးလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
မူးယစ်ဆေးစွဲလူနာများ ကုသရေးနှင့် နောက်ဆက်တွဲအန္တရာယ် လျှော့ချရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင် ဆေးကုသရေးဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၆ ခုနှင့် မက်သာဒုံးဆေးခန်း ၉၀ ခုတို့ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း မူးယစ်ဆေးစွဲလူနာ ၂၆၅၉၅ ဦးအား ကုသပေးနိုင်ခဲ့ပြီး ၂၃၈၇၅ ဦးအား မက်သာဒုံးတိုက်ကျွေးနိုင်ခဲ့ပါသည်။ မူးယစ်ဆေးဖြတ်ပြီးသူများ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြန်လည်ထူထောင်ရေးစခန်းများ ၁၄ ခုကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် UNODC (United Nations Office on Drugs and Crime) ၊ AFP (Australian Federal Police) ၊ DEA (Drug Enforcement Administration) ၊ NNCC (National Narcotics Control Commission) ၊ ONCB (Office of Narcotics Control Board) တို့နှင့်လည်း ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် ၂၀၂၃ ခုနှစ်အတွင်း (၂၄) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးအားလည်းကောင်း၊ (၄၄) ကြိမ်မြောက် အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးအားလည်းကောင်း၊ ၂၀၂၄ ခုနှစ်အတွင်း (၇) ကြိမ်မြောက် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးအားလည်းကောင်း၊ ASOD (The ASEAN Senior Officials Meeting on Drug Matters) တာဝန်ခံများ၏ အာဆီယံစီမံချက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအားလည်းကောင်း၊ (၁၆)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းကွန်ရက် အစည်းအဝေးအားလည်းကောင်း မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာနှင့် မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်၍ ယခုနှစ် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ ပေးပို့သည့်ဆောင်ပုဒ် “ The Evidence is clear : invest in Prevention” “ မူးယစ်အန္တရာယ်ကင်းစင်ရေး၊ ဘက်စုံကြိုတင်ကာကွယ်ပေး” ဆိုသည့်အတိုင်း နိုင်ငံတိုင်းအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လည်း ပြည်ထောင်စုတစ်ဝန်း တည်ငြိမ်အေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးတို့ကို အဟန့်အတားဖြစ်စေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံတော်အစိုးရအနေဖြင့် နည်းလမ်းအသွယ်သွယ်ဖြင့် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်နေသလို တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်ကူညီပေးကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။