Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ စင်ကာပူ-မြန်မာ သက်မွေးပညာသင်ကျောင်း ကြည့်ရှုစစ်ဆေး

ရန်ကုန် ဧပြီ ၁

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့က ရန်ကုန်မြို့ရှိ စင်ကာပူ-မြန်မာ သက်မွေးပညာသင်ကျောင်း (SMVTI) သို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ပြောကြား

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အထောက်အကူပြုနိုင်မည့် သက်မွေးပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးနှင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် မြန်ဆန်စွာ အကျိုးပြုမည့် သင်တန်းများကို ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ယင်းသို့ ဆောင်ရွက်ရာတွင် အရည်အသွေး စံနှုန်းများနှင့်အညီ လက်တွေ့လုပ်ငန်းခွင်၌ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရေး လေ့ကျင့်သင်ကြားပေးရန်၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပညာ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိရန်၊ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ ကျောင်းသားများကို ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်း ရတနာများ ဖြစ်စေရေး အလေးထားပျိုးထောင်သွားရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်စွက်မှာကြားကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စုဝေးခန်းမအတွင်း ကျောင်းသားများ ရေးဖြေစာမေးပွဲ ဖြေဆိုရန် ပြင်ဆင်ထားရှိမှု၊ အင်ဂျင်နီယာ ဘာသာရပ်ဌာနများရှိ အလုပ်ရုံများတွင် ကျောင်းသားများ လက်တွေ့သင်ခန်းစာများဖြေဆိုရန် ပြင်ဆင်ထားရှိမှု၊ ဟိုတယ်နှင့် ခရီးသွားဘာသာရပ် သင်တန်းများတွင် ပြည်ပထုတ် ပစ္စည်းများအစား ပြည်တွင်းထုတ် ပစ္စည်းများဖြင့် အသုံးပြုကာ ပြင်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းမှ ဒေသအလိုက်တန်ဖိုးမြှင့် ထုတ်ကုန်ကဏ္ဍ အားပေးမြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းစဉ်များအတိုင်း ကြိုးပမ်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

လှည့်လည်ကြည့်ရှု

ဆက်လက်၍ ဒုတိယဝန်ကြီးသည် စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးကာ ခေတ်မီစာကြည့် တိုက်ဖြစ်စေရေး ဖြည့်ဆည်းဆောင်ရွက်ရန်၊ ဆရာနှင့် ကျောင်းသားများ စာကြည့်တိုက်အသုံးပြုမှု မြှင့်တင်ဆောင်ရွက်ရန် မှာကြားပြီး ကျောင်းဥပဓိရုပ်တင့်တယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သန့်ရှင်းသပ်ရပ် သာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ အားကစားကွင်းနှင့် အားကစားပစ္စည်းများ ဖြည့်ဆည်းထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်