Skip to main content

တောင်သူလယ်သမားများလိုအပ်သော စိုက်ပျိုးရေးသုံးစက်ပစ္စည်းကိရိယာများနှင့် MSME များအတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ထုတ်လုပ်နိုင်ရေးဆောင်ရွက်

နေပြည်တော် မတ် ၁၇

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

စက်အရန်ပစ္စည်းများ ထုတ်လုပ်

ကြည့်ရှုစစ်ဆေးစဉ် စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များနှင့် ကောက်စိုက်စက်များကို သုတေသနပြုလေ့လာ၍ တီထွင်ထုတ်လုပ်ခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုးရေးသုံးစက်ပစ္စည်းကိရိယာများကို တီထွင်စမ်းသပ်ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် MSME များအတွက် လိုအပ်သည့်စက်ပစ္စည်းကိရိယာများ၊ စက်အရန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME များအတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်မည်ဆိုပါက နိုင်ငံခြားငွေအသုံးပြုရမှု သက်သာစေမည်ဖြစ်သည့်အပြင် စက်ရုံအနေဖြင့် ဝင်ငွေတိုးတက်ရရှိစေမည်ဖြစ်ကြောင်း။

ဆီသန့်စင်သည့်စက်များ ထုတ်လုပ်နိုင်ရေး

စက်ရုံအနေဖြင့် ထုတ်လုပ်ပေးနိုင်သည့် စက်အစိတ်အပိုင်းပစ္စည်းများကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များ သိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မန္တလေးစက်မှုဇုန်မှ ဝါကြိတ်စက် (Double Roller Gin) များ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသဖြင့် လိုအပ်သည့် စက်အစိတ်အပိုင်းများကို ထုတ်လုပ်ပေးစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းဆီစားသုံးမှု ဖူလုံစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိသဖြင့် ဆီသန့်စင်သည့်စက်များ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနပြုလုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများအသုံးပြုရန် ဝါများလုံလောက်စွာထွက်ရှိသော်လည်း ကြိတ်ခွဲမည့် ဝါကြိတ်စက်များသည် လုံလောက်မှုမရှိသည်ကို စိစစ်တွေ့ရသဖြင့်ပြည်တွင်း၌ ဝါကြိတ်စက်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဝါဂွမ်းကို တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်သည့် ချည်၊ အဝတ်အထည်ဖြစ်သည်အထိ ထုတ်လုပ်နိုင်ပါက အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း၊ သွင်းကုန်အစားထိုးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများအတွက် အကျိုးဖြစ်ထွန်းစေမည့် တစ်နိုင်တစ်ပိုင်စက်များ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဝါစေ့ဆီ၏ အရည်အသွေးတိုးတက်ကောင်းမွန်စေရေးအတွက် ဝါစေ့သန့်စင်စက်များ ထုတ်လုပ်နိုင်ရေး သုတေသနပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဝါကြိတ်စက်များ ထုတ်လုပ်နိုင်ရေး

ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်တွင်းမှထွက်ရှိသည့် ဝါများကို အချိန်မီကြိတ်ခွဲနိုင်ရေးအတွက် မန္တလေးစက်မှုဇုန်တွင် ဝါကြိတ်စက်များ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုအခြေအနေကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်ရုံအတွင်း သုတေသနပြု၍ စမ်းသပ်ထုတ်လုပ်ထားသည့် ကောက်စိုက်စက်များ၊ မျိုးစေ့ချစက်များ၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်မှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။                 

သတင်းစဉ်