နေပြည်တော် မတ် ၁၃
ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆိုပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဥပဒေဘာသာပြန်စာအုပ်အမှတ် (၁၃) ကို ထုတ်ဝေပြီး ဖြစ်သည်။
ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့ကို ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေအရ ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဥပဒေပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။
ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့သည် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သောဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုလျက်ရှိရာ မြန်မာနိုင်ငံဥပဒေများ အက်ဥပဒေ (The Myanmar Laws Act)၊ မှတ်တမ်းများ ဖျက်ဆီးခြင်းအက်ဥပဒေ (The Destruction of Records Act)၊ အစိုးရမြေချထားရေးအက်ဥပဒေ (The State Grants Act)၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေ (The Explosive Substances Act)၊ မတရားအသင်းအဖွဲ့များ အက်ဥပဒေ (The Unlawful Associations)၊ ဘဏ်လုပ်ငန်းရှင်များ၏ စာရင်းစာအုပ်များ သက်သေခံအက်ဥပဒေ (The Bankers’ Books Evidence Act) တို့ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး အဆိုပါမြန်မာဘာသာပြန်ဆိုထားသည့် ဥပဒေများသည် ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေပုဒ်မ ၁၂ အရ မူလစာမူနှင့် အလားတူအာဏာတည်ကြောင်း ဥပဒေဘာသာပြန်ကော်မရှင်၏ အမိန့်အမှတ် ၁/၂၀၂၄ ဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
အဆိုပါဘာသာပြန်ဆိုပြီးသည့်ဥပဒေ (၆) ခုကိုစုစည်း၍ ဥပဒေဘာသာပြန်စာအုပ်အမှတ် (၁၃) အဖြစ် ပြုစုထုတ်ဝေခြင်းဖြစ်ပြီး မြန်မာဘာသာပြန်ဆိုချက်များကို မူလစာမူနှင့် ယှဉ်တွဲဖတ်ရှုလေ့လာနိုင်ရန် မူလအင်္ဂလိပ်စာမူကိုလည်း ဤစာအုပ်တွင် ထည့်သွင်းဖော်ပြထားပါသည်။
ဥပဒေရေးရာဝန်ကြီးဌာနက ထုတ်ဝေသည့် ဥပဒေဘာသာပြန်စာအုပ် အမှတ် (၁၃) သည် တရားဝင်ကိုးကားသုံးစွဲနိုင်သည့် စာအုပ်တစ်အုပ်ဖြစ်သည့်အပြင် ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာလေ့လာလိုသူများအတွက် အသုံးဝင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး စာကြည့်တိုက်များတွင် ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ပါကြောင်း သိရသည်။
သတင်းစဉ်