ငပုတော ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများသွားလာရေး အဆင်ပြေလွယ်ကူစေရန်နှင့် ကုန်စည်စီးဆင်းမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမည့်ချောင်းဝတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၉ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ချောင်းဝတံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်မှသိရသည်။
တစ်ဆက်တစ်စပ်တည်းဖြစ်သွားမည်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ရှိ ငရုတ်ကောင်း-ဂေါ်ရန်ဂျီကျွန်းလမ်းပေါ်၌ တည်ဆောက်နေသော ချောင်းဝတံတားအား တံတားအထူးအဖွဲ့(၁၆)မှ ကျွမ်းကျင်အင်ဂျင်နီယာများနှင့် ကာယ၊ ဉာဏလုပ်သားများက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
လက်ရှိ ငရုတ်ကောင်းမြို့မှ မြောက်ဘက်ပိုင်း ဂွမြို့နယ်အထိ ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်- ကျောက်ချွန်-ဂွ ကမ်းခြေပတ် လမ်းစီမံကိန်းကို လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသောကြောင့် ချောင်းဝတံတားသည်လည်း ကမ်းခြေပတ်လမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဖြစ်သည်။ အဆိုပါကမ်းခြေပတ်လမ်းနှင့် ချောင်းဝတံတားတည်ဆောက် ရေးစီမံကိန်းဆောင်ရွက်ပြီးစီးပြီဆိုပါက ငရုတ်ကောင်းတောင်ဘက်ပိုင်းရှိ ဂေါ်ရန်ဂျီကျွန်းအထိလမ်းများ တစ်ဆက်တစ်စပ်တည်း ဖြစ်သွားမည်ဖြစ်ကြောင်းတံတား တည်ဆောက်ရေးစီမံကိန်းကို တာဝန်ယူဆောင်ရွက်နေသည့် တံတားအထူးအဖွဲ့(၁၆)မှ သိရသည်။
လက်ရှိတည်ဆောက်နေသည့် ချောင်းဝတံတားအရှည်မှာ ပေ ၁၂၈၀ ရှိမည်ဖြစ်ပြီး တံတား၏အပေါ်ထည် အမျိုးအစားမှာ PC Girder ၊ RC Girder & RC Slab ဖြစ်ကာ တံတား၏ကိုယ်ထည်မှာ RC ကွန်ကရစ် အမျိုးအစားဖြစ်သည်။ တံတားအောက်ခံအုတ်မြစ်များအား အချင်း ၁ ဒသမ ၅ မီတာ နှင့် အချင်း ၁ ဒသမ ၂ မီတာရှိသည့် ဘိုးပိုင်များဖြင့် တည်ဆောက်ထားပြီး အချင်း ၂ ဒသမ ၄၄ မီတာ ရှိသည့် Caisson Foundation ဖြင့် တည်ဆောက်ထားကာ တံတားခန်းဖွင့်အကျယ် မီတာ ၂၀ ခန်းဖွင့် ၁၂ ခန်းနှင့် အကျယ် မီတာ ၃၀ ခန်းဖွင့် ငါးခန်းတို့ဖြင့် ပါဝင် တည်ဆောက်ထားသည်။ ယာဉ်သွားလမ်းအသွား တစ်လမ်း၊ အပြန်တစ်လမ်းပါဝင်သော အကျယ် ၂၄ ပေရှိသည့် နှစ်လမ်းသွားတံတားဖြစ်ပြီး လူသွားလမ်းအကျယ်တစ်ဖက်လျှင် ၃ ပေ ၆ လက်မစီ ပါဝင်မည်ဖြစ်ကာ ရေလမ်းကင်းလွတ် အကျယ် ၂၄ မီတာနှင့် အမြင့် ၁၂ ဒသမ ၂ မီတာရှိမည်ဖြစ်၍ တံတားခံနိုင်ဝန်မှာ ခွင့်ပြုယာဉ်အလေးချိန် (ယာဉ်+ ကုန်) တန် ၆၀ ဖြစ်ကြောင်း သိရသည်။
“ကမ်းခြေပတ်လမ်း မရှိတဲ့အတွက် ဒေသခံပြည်သူတွေဟာဆိုရင် တစ်နေရာကနေ တစ်နေရာကို သွားရာမှာရေကြောင်းကနေပဲ ဆက်သွယ်သွားလာနေကြရပြီး နီးစပ်ရာ ရွာကြီးတွေကနေတစ်ဆင့် သွားကြရပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ ကမ်းခြေပတ်လမ်းပြီးစီးပြီဆိုရင်တော့ လမ်းခရီးချောမွေ့မှာ ဖြစ်တဲ့အတွက် ကမ်းခြေအနီးအနားမှာရှိတဲ့ တံငါရွာလေးတွေက ဒေသခံတွေဟာဆိုရင် တစ်နေရာနဲ့ တစ်နေရာကိုဆိုင်ကယ်၊ မော်တော်ယာဉ်တွေနဲ့သွားလာနိုင်ကြမှာဖြစ်ပြီး ဒေသထွက် ဆန်၊ စပါး၊ သား/ငါး၊ သီးနှံတွေကိုလည်း အဆင်ပြေလွယ်ကူ ချောမွေ့စွာသယ်ယူပို့ဆောင်နိုင်ကြမှာ ဖြစ်တဲ့အတွက်ကြောင့် ကုန်စည်စီးဆင်းမှုတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ကိုပါ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်” ဟု တံတားတည်ဆောက်ရေးစီမံကိန်း တာဝန်ခံအင်ဂျင်နီယာက ရှင်းပြ သည်။
အဆိုပါ ချောင်းဝတံတား တည်ဆောက်ရေးစီမံကိန်းကိုပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယခုအခါ တံတားအောက်ခံအုတ်မြစ်၊ ကိုယ်ထည်နှင့်အပေါ်ထည်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သောကြောင့် တံတားကြမ်းခင်းနှင့် လက်ရန်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ချောင်းဝတံတားတည်ဆောက် ပြီးစီးပြီဆိုပါက စိုက်ပျိုးရေးလုပ်ငန်းနှင့် ရေလုပ်ငန်းကိုသာ အားထားလုပ်ကိုင်နေကြရသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများမှာ ဒေသထွက် ဆန်၊ စပါး၊ သား/ငါး၊ သီးနှံများကို အဆင်ပြေလွယ်ကူချောမွေ့စွာ ဖြတ်သန်းသွားလာ သယ်ယူပို့ဆောင်နိုင်ကြတော့မည်ဖြစ်၍ ဒေသခံပြည်သူများအတွက်လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပွင့်သစ္စာ
ဓာတ်ပုံ - စိုးမြင့်အောင်