Skip to main content

အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းမှ အခွင့်အလမ်းများပေးနိုင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး (၇၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စိန့်ပီတာစဘတ်-မြန်မာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ တုံဂပူရိဟိုတယ်၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ MSMEs လုပ်ငန်းရှင်များ တက်ရောက်ကြပြီး အာဆီယံ- ဂျပန်စင်တာမှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေနှင့် ၂၀၂၃ ခုနှစ်တွင် အာဆီယံ-ဂျပန်စင်တာမှ “ခရီးသွားလုပ်ငန်းဆိုင်ရာ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု” နှင့် “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု”တို့နှင့်စပ်လျဉ်းသော စီမံကိန်းနှစ်ခုကို ရရှိထားကြောင်း၊ ယင်းစီမံကိန်းများအနေဖြင့် ပြည်တွင်း MSMEs လုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းနိုင်သော စီးပွားရေးအသိအမြင်များနှင့် ကွန်ရက်ချိတ်ဆက်မှု အခွင့်အလမ်းများကို ဖန်တီးပေးရန်ရည်ရွယ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောကြောင့် ရေရှည်တည်တံ့ခိုင်မြဲရန် လိုအပ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းမှ အခွင့်အလမ်းများပေးနိုင်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းတွင် အလုပ်အကိုင်ပေါင်း သန်း ၃၂၀ ကျော် ဖန်တီးပေးပြီး ကမ္ဘာ့ GDP ၏ ၁၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်ဟု ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့အချုပ်၏ အစီရင်ခံစာတွင်တွေ့ရှိရကြောင်း၊ MSMEs လုပ်ငန်းများသည် နိုင်ငံ၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများ အောင်မြင်ရန် ငွေကြေး၊ လူသားအရင်းအနှီး၊ လုပ်ငန်းကွန်ရက်များနှင့် ဈေးကွက်တို့ ရရှိမှုပေါ်တွင် မူတည်လျက်ရှိကြောင်း၊ MSMEs လုပ်ငန်းများကို ပံ့ပိုးပေးခြင်းဖြင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဖော်ဆောင်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံ-ဂျပန် စင်တာမှ Programme Director Mr. Chairat Liengkajornkiet က အမှာစကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွင် MSMEs လုပ်ငန်းများ၏ အခန်းကဏ္ဍ၊ လုပ်ငန်းစဉ်များ၊ ငွေကြေးနှင့် ဈေးကွက်ရှာဖွေရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သူများသည် အဖွဲ့လိုက်ခွဲ၍ ဆွေးနွေးမှုများ ပြုလုပ်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေး (၇၆) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ်သော စိန့်ပီတာစဘတ်-မြန်မာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ အွန်လိုင်းမှ တက်ရောက်၍ အမှာစကားပြောကြားသည်။

ဆွေးနွေးပွဲသို့ စိန့်ပီတာစဘတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးအကဲ Mr. Vladimir Zapevalov၊ စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာဗီချယ်စလာ့ ကဘ်ဂါနိုဗ့်၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုံး၊ စိန့်ပီတာစဘတ် ကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်၊ စိန့်ပီတာစဘတ် တရားရေး ဆိုင်ရာဌာနမှ ဒုတိယဥက္ကဌ Mr. Nikolay Bondarenko တို့က Hybrid စနစ်ဖြင့် တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov က video message ပေးပို့သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရုရှား- မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရွက်မှုများ တိုးမြှင့်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးသွားမည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းများ ပါဝင်ပြသသွားနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ- ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး ခရီးသွားမြှင့်တင်ရေး ဗီဒီယိုဖိုင်ကို ပြသသည်။

 ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

သတင်းစဉ်