Skip to main content

အလုပ်သင်ဆရာဝန်များ ကြိုဆိုပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၃

ဆေးတက္ကသိုလ်များ၏ အလုပ်သင်ဆရာဝန် လေ့ကျင့်သင်ကြားရေးဆေးရုံကြီးများတွင် အောက်တိုဘာ ၁ ရက်မှစတင်ပြီး အလုပ်သင်ဆရာဝန်များအဖြစ် တာဝန်ထမ်းဆောင်နေသူ မောင်မယ်သစ်လွင် အလုပ်သင်ဆရာဝန်များကို ကြိုဆိုပွဲအား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ Semi-virtual စနစ်ဖြင့် ကျင်းပသည်။

ကြိုဆိုပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အလုပ်သင်ဆရာဝန်သင်တန်းကာလသည် သင်ယူတတ်မြောက်ထားသော ဆေးပညာရပ်ဆိုင်ရာ အသိပညာများကို လက်တွေ့ကျကျအသုံးချပြီး လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည့် အချိန်ကာလ ဖြစ်ပါကြောင်း၊ ထို့အပြင် အလုပ်သင်ဆရာဝန်များ မဖြစ်မနေတတ်မြောက်ထားရမည့် လက်တွေ့ကျွမ်းကျင်မှု (Procedural Skills) များကို မိမိတို့ ဆရာ/ဆရာမများ၊ အတွေ့အကြုံရှိသော လုပ်ဖော်ကိုင်ဖက်များထံမှ စာတွေ့ရော၊ လက်တွေ့ (Hands on Training) ပါ သေချာစွာ ဆည်းပူးလေ့လာနိုင်မည့်ကာလလည်းဖြစ်ပါကြောင်း။

 အလုပ်သင်ဆရာဝန်ကာလပြီးဆုံးပါက ဆရာဝန်များအဖြစ် နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်း ဆောင်ကြရမည်ဖြစ်သည့်အတွက် မိမိတို့၏ ဆေးပညာ ပိုမိုတိုးတက်လာအောင် ဘွဲ့လွန်သင်တန်းများကို ဆက်လက်တက်ရောက်နိုင်ရေး ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့် (သစ်လွင်) ဆရာဝန်များအတွက် လုပ်သက်သတ်မှတ်ချက်မရှိဘဲ တက်ရောက်နိုင်သော ဘွဲ့လွန်သင်တန်း ၁၁ မျိုးအပါအဝင် ဘွဲ့လွန်သင်တန်း ၁၄၄ မျိုးကို ဖွင့်လှစ်ထားပြီး ပြည်တွင်းဘွဲ့လွန်သင်တန်းများသာမက ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များမှ ဘွဲ့လွန်သင်တန်းများကိုပါ တက်ရောက်ခွင့်ပြုထားပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီနာယက ပါမောက္ခဒေါက်တာခင်မောင်အေးက ဆေးပညာရပ်ဆိုင်ရာကျင့်ဝတ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားသည်။

ကြိုဆိုပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆေးကောင်စီမှ နာယကကြီးများ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့၏ ဥက္ကဋ္ဌများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့အတူ ကြိုဆိုပွဲသို့ အလုပ်သင်ဆရာဝန်များက Virtual စနစ်ဖြင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ အလုပ်သင်ဆရာဝန် ၃၀၂ ဦး၊ ဆေးတက္ကသိုလ်မန္တလေးမှ အလုပ်သင်ဆရာဝန် ၂၈၁ ဦး၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ ၃၃၄ ဦး၊ ဆေးတက္ကသိုလ်မကွေးမှ ၁၆၆ ဦး၊ ဆေးတက္ကသိုလ် တောင်ကြီးမှ ၁၀၄ ဦး တက်ရောက်ကြပြီး In person စနစ်ဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ၅၃ ဦး စုစုပေါင်း ၁၂၄၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်