နေပြည်တော် ဖေဖော်ဝါရီ ၁၄
Artificial Intelligence (AI) ဉာဏ်ရည်တု နည်းပညာအကြောင်း သိကောင်းစရာဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ AI နည်းပညာအကြောင်း ဟောပြောမည့် ဒေါက်တာ တင်ဘုန်းကျော်နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဉာဏ်ရည်တုကိုအသုံးပြုလာ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့ခေတ်တွင် (Artificial intelligence–AI) ခေါ် ဉာဏ်ရည်တုကို နယ်ပယ်အတော်များများတွင် အသုံးပြုလာကြပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မောင်းသူမဲ့ကား၊ ဒရုန်းများ၊ အိမ်သုံးစက်ရုပ်များ၌ AI နည်းပညာကို အသုံးပြုနေကြပြီဖြစ်ပါကြောင်း၊ လူ့အသိုက်အဝန်းတွင် AI နည်းပညာသည် ဆန်းသစ်သည့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ပြီး သိမှုဉာဏ်အပြင် လူ့စိတ်ခံစားချက်ကို နားလည်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ကို ထည့်သွင်းစဉ်းစားနိုင်စွမ်းရှိသည့် ဉာဏ်ရည်ထည့်သွင်းထားသော ဉာဏ်ရည်တုဖြစ်ပါကြောင်း၊ ဉာဏ်ရည်တုနည်းပညာ (AI)၏ အသုံးဝင်မှုနှင့် အန္တရာယ်ရှိမှုတို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ယနေ့ AI နည်းပညာအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကိုကျင်းပခြင်း ဖြစ်ပါကြောင်း။
AI သည် လူသားတို့၏ အလုပ် အကိုင်များစွာအပေါ် အစားထိုး နေရာယူလာပြီး AI ကျွမ်းကျင် ပညာရှင်များလည်း လိုအပ်မှုမြင့်မားလာကြောင်း၊ ယနေ့ Digi-talization ခေတ် အွန်လိုင်းတွင် အချက်အလက်ရှာဖွေခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များ ကြည့်ရှုခြင်း၊ ကုန်ပစ္စည်းများ ဝယ်ယူရောင်းချ နိုင်ခြင်းတို့၏ နောက်ကွယ်တွင်လည်း AI နည်းပညာရှိနေပြီဖြစ်ကြောင်း၊ လူသားများတွင် ကာယ၊ ဉာဏ နှစ်မျိုးရှိသည့်အနက် ကာယအလုပ်များကို စက်များဖြင့် အစားထိုးဆောင်ရွက်နိုင်သလို ဉာဏအလုပ်များကို AI နည်းပညာဖြင့် အစားထိုးဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင်လည်း AI နည်းပညာ အသုံးပြုပြီး လမ်းပြအမှတ် အသား၊ မီးပွိုင့်၊ ဆိပ်ကမ်း၊ လေဆိပ် စသည့် Public Area များတွင် အသုံးပြုနေပြီဖြစ်သလို ဥရောပနိုင်ငံများ၌လည်း AI နည်းပညာအသုံးပြု၍ လူထုအကျိုးပြုသုတေသနလုပ်ငန်းများကို ကျယ်ပြန့်စွာ အသုံးပြုနေပြီဖြစ်ပါကြောင်း။
ခွဲခြမ်းစိတ်ဖြာ ဆောင်ရွက်နိုင်ရေး
ထို့ကြောင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေး၊ သတင်းတု၊ သတင်းမှားများ စောင့်ကြည့်လေ့လာရေးနှင့် သတင်းစီးဆင်းမှုများအပေါ် Data Analysis ပြုလုပ်၍ ရလဒ်များ ခွဲခြမ်းစိတ်ဖြာဆောင်ရွက်နိုင်စေရေး ရည်ရွယ်၍ Foundation Course for Public Opinion Mining Analysis(AI) နည်းပညာသင်တန်းဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ သင်တန်းအတွက် သင်တန်းသား ၁၂ ဦး Placement Test ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူရှစ်ဦးကို စိစစ်ရွေးချယ်၍ အွန်လိုင်းဖြင့် သုံးလတာ သင်ကြားပေးလျက်ရှိကြောင်း။
ဝန်ထမ်းများသည် ပြောင်းလဲလာသည့် နည်းပညာအပေါ် လိုက်ပါဆောင်ရွက်ရန် HR မြှင့်တင်ရန် အဓိကလိုအပ်ပါကြောင်း၊ ယခု AI နည်းပညာအကြောင်း သိကောင်းစရာဆွေးနွေးပွဲကို စိတ်ဝင်တစား လေ့လာနားထောင်၍ သိလိုသည်များ မေးမြန်းဆွေးနွေးခြင်းဖြင့် ရရှိသည့် ဗဟုသုတအတွေ့အကြုံများကို ဌာနတွင် ပြန်လည်အသုံးချနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
နည်းပညာကောင်းကျိုး၊ ဆိုးကျိုး
ထို့နောက် ဒေါက်တာတင်ဘုန်းကျော်က AI နည်းပညာအဆင့်ဆင့် ဖြစ်ပေါ်လာမှု၊ နည်းပညာ၏ ကောင်းကျိုး၊ ဆိုးကျိုး၊ တီထွင်ဖန်တီးနိုင်မှု၊ စိန်ခေါ်မှုများနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက AI နည်းပညာအကြောင်း ဟောပြောသည့် ဒေါက်တာတင်ဘုန်းကျော်အား အမှတ်တရလက်ဆောင်ပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့သည်။
သတင်းစဉ်