Skip to main content

နိုင်ငံတစ်ဝန်း အေးချမ်းသာယာရေးနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေး

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) တွင် အဖွဲ့ဝင်များအားလုံး၏ သဘောတူဆွေးနွေးဆုံးဖြတ်ချက်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ခဲ့သည်။ လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် သာမန်မဟုတ်သည့်အခြေအနေများအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ထမ်းဆောင်ခွင့်ကို မဖြစ်မနေ သက်တမ်းတိုးမြှင့်ရဦးမည်ဖြစ်သကဲ့သို့ ၆ လတာကာလ ကြိုးပမ်းဆောင်ရွက်ချက်များမှ ထွက်ပေါ်လာသည့်ရလဒ်များပေါ်မူတည်၍ လိုအပ်ပါက ထပ်မံသက်တမ်းတိုးမြှင့်ပေးသွားရဦးမည်ဖြစ်သည်။

မိမိတို့နိုင်ငံသည် ပြည်သူများ၏ထောက်ခံဆန္ဒမဲများဖြင့် အတည်ပြုပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိသည့်နိုင်ငံ ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီလမ်းကြောင်း မတိမ်းစောင်းခဲ့ပါက ယနေ့မိမိတို့ကြုံတွေ့နေရသည့် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်အနိဋ္ဌာရုံများနှင့် အရေးပေါ်ကာလအခြေအနေများ ဖြစ်ပေါ်လာမည်မဟုတ်ဘဲ တတိယမြောက်အစိုးရ၊ တတိယမြောက်လွှတ်တော်သက်တမ်းတို့ကို ဖြတ်ကျော်နေကြရမည့် အချိန်ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် အမြင့်ဆုံးသော တရားဝင်နိုင်ငံရေးစင်မြင့် ဖြစ်သည်။ ရွေးကောက်ပွဲလမ်းကြောင်းမှတစ်ဆင့် လွှတ်တော်သို့ ဂုဏ်သိက္ခာရှိစွာ ရောက်ရှိလာကြသည့် ပြည်သူတို့က ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များအနေဖြင့် ဒေသအကျိုး၊ ဒေသခံတိုင်းရင်းသားပြည်သူများအကျိုးအတွက် အမြင့်ဆုံးသောနိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်တွင် ‌တောင်းဆိုနိုင်သည်။

လွန်ခဲ့သည့်သုံးနှစ်တာကာလအတွင်း နိုင်ငံ၌ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများသည် နိုင်ငံရေးအရ မကျေလည်မှုများကို အခြေခံသော်လည်း နိုင်ငံရေးနည်းလမ်း၊ တရားဥပဒေတွင်းနည်းလမ်းများဖြင့် ဖြေရှင်းမှုမပြုဘဲ လက်နက်ကိုင် ထိပ်တိုက်ရင်ဆိုင်အကြမ်းဖက်နည်းလမ်းတို့ကို ဆင်ခြင်တုံတရားကင်းမဲ့စွာ စွဲကိုင်ကျင့်သုံးခဲ့ကြခြင်းကြောင့် နိုင်ငံရော ပြည်သူတို့ပါ များစွာထိခိုက်နစ်နာခဲ့ရသည်။ စစ်အာဏာရှင် ကျဆုံးရေး၊ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးဟူ၍ ကျယ်ကျယ်လောင်လောင် ကြွေးကြော်နေကြသော်လည်း လက်နက်အားကိုးဖြင့် တစ်ဗိုလ်တစ်မင်းဩဇာအာဏာ ထူထောင်နေကြသူများ၊ တိုင်းရင်းသားလူမျိုးစုများအတွင်း လူမျိုးရေးမုန်းတီးမှုဝါဒကို သွတ်သွင်းကာ နယ်မြေဖဲ့ထုတ်အုပ်ချုပ်လိုကြသည့် စစ်ဘုရင်ဝါဒီများ၏ ဟန်ဆောင်မှုသက်သက်သာ ဖြစ်သည်။ ဒီမိုကရေစီကို အမှန်တကယ်ယုံကြည်ပါက ဒေသခံပြည်သူတို့၏ အသည်းကြားမှ မဲတစ်ပြားဖြင့် ရွေးကောက်တင်မြှောက်မှုကို ခံယူပြီး လွှတ်တော်နိုင်ငံရေးဖြင့် ဒေသအကျိုး၊ ပြည်သူ့အကျိုးကို ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်နိုင်သည်။ အရည်အချင်းမြင့်မားသူ၊ စိတ်နှလုံးကြီးမားကျယ်ပြန့်သူများဆိုပါက ပြည်ထောင်စုကြီးတစ်ခုလုံးနှင့် ပြည်ထောင်စုသားအားလုံးတို့၏ အကျိုးအတွက် ကြီးမားလှသည့်တာဝန်ကို ဂုဏ်သိက္ခာမြင့်မားစွာဖြင့် ထမ်းဆောင်နိုင်သည်။

လက်ရှိကာလ မိမိတို့နိုင်ငံအတွက် အဓိကလိုအပ်ချက်မှာ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးပင်ဖြစ်သည်။ ထို့အပြင် ရွေးကောက်ပွဲအတွက် မဲစာရင်းများ မှန်ကန်မှုရှိစေရေး ယခုနှစ် အောက်တိုဘာလအတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ခိုင်မာအောင်တည်ဆောက်ရာတွင် နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှု၊ စည်းကမ်း ရှိမှုတို့ဖြင့် တစ်တပ်တစ်အား ဝိုင်းဝန်းပါဝင်ကြရပါမည့်အကြောင်း။ ။