နေပြည်တော် အောက်တိုဘာ ၂၂
ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၆ ဦးကို ထောင်အတွင်း လူစုလူဝေးပြုလုပ်သည်ဟုဆိုကာ မတရားဒေါက်ခတ် တိုက်ပိတ်ထားသည် ဟူသောခေါင်းစဉ်ဖြင့် Khit Thit Media အမည်ခံ Facebook Page တွင် အောက်တိုဘာ ၁၁ ရက်က မဟုတ် မမှန် လုပ်ကြံသတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
ဖြစ်စဉ်အား စိစစ်ရာတွင် အောက်တိုဘာ ၂ ရက်က ရေကန်တာဝန်ပေးအပ်ထားသော အကျဉ်းသားကျော်ရဲလွင်သည် အကြမ်းဖက်-၅၀(ဈ)၊ ရာ-၃၀၂(၂)/၁၁၄ တို့ဖြင့် ပြစ်ဒဏ်ကျခံနေသော အကျဉ်သားဝင်းသူရအား စားကြွင်းစားကျန်ငါးရိုးနှင့် ထမင်းများအား ရေကန်ရေမြောင်းအတွင်းသို့ မစွန့်ပစ်ရန်၊ စည်းကမ်းအတိုင်း စားကြွင်းစားကျန်စွန့်သည့် အမှိုက်ပုံးအတွင်းပစ်ရန် တာဝန်အရပြောဆိုခဲ့ရာ အကျဉ်းသားဝင်းသူရက ရေကန်တာဝန်ကျ အကျဉ်းသားကျော်ရဲလွင်အား ထိုးကြိတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း။
ထိုသို့ ဖြစ်ပွားခဲ့သည့်အတွက် အိပ်ဆောင်မှူးအရာရှိက ခိုက်ရန်ဖြစ်ပွားသော အကျဉ်းသားနှစ်ဦးအား ရုံးခန်းတွင် ခေါ်ယူမေးမြန်းဖြေရှင်းပေးနေစဉ် အကျဉ်းသားဉာဏ်လင်းနိုင်နှင့် အကျဉ်းသား အချို့တို့သည် စုဝေးအုပ်စုဖွဲ့၍ အိပ်ဆောင်မှူး အရာရှိအားကျေနပ်မှုမရှိကြောင်း ပြောကြားပြီး အိပ်ဆောင်အတွင်း ဆူပူအုံကြွမှုဖြစ်စေရန် လှုံ့ဆော်ခြင်းများ ဆောင်ရွက်လာကြောင်း၊ စည်းကမ်း ထိန်းသိမ်းရေးရုံး တာဝန်ခံဦးစီးအရာရှိက ခိုက်ရန်ဖြစ်ပွားသည့် အကျဉ်းသားနှစ်ဦးကိစ္စကို ဖြေရှင်းပေးမည်ဟု ရှင်းလင်းပြောကြားခဲ့ပြီး မသက်ဆိုင်သည့် အကျဉ်းသားများအနေဖြင့် အိပ်ဆောင်သို့ ပြန်ရန်ပြောကြားခဲ့သော်လည်း နာခံမှုမရှိဘဲ စည်းကမ်းထိန်းသိမ်း ရေးရုံးတွင် ဆူပူအော်ဟစ်ပြောဆိုကာ အကျဉ်းထောင်၏ လုံခြုံရေးကို ထိခိုက်စေရန် ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် တာဝန်ခံအရာရှိက အကျဉ်းထောင် လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေးအတွက် အကျဉ်းထောင်လက်စွဲ ဥပဒေအပိုဒ် ၄၃၈ အရတိုက်တွင် သီးခြားခွဲ၍ ထားရှိခြင်းသာဖြစ်ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးကာ ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် Khit Thit Media အမည်ခံ Facebook Page ၏ ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင်လွဲမှားစေရန်၊ အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများကို ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်သတင်းရေးသား ဖော်ပြခြင်းသာဖြစ်သည်။
သစ္စာ