Skip to main content

ရွှေတောင်မြို့နယ်မှ MSME လုပ်ငန်းဖြစ်သည့် ဥမ္မာကျော်စားသောက်ကုန်လုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းမှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ဆိုသည့် ဦးတည်ချက်နှင့် အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်း အရေအတွက် ၈၃ ခု မှတ်ပုံတင်ထားကြောင်း ပြည်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။ အဆိုပါ မှတ်ပုံတင်ထားသည့် လုပ်ငန်းများမှ ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက် တောင်ဘုရားကြီးလမ်း အမှတ်(၁၄) ရှိ “ဥမ္မာကျော် စားသောက်ကုန်လုပ်ငန်းရှင် မဥမ္မာကျော်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။

မေး။   ။        “ဥမ္မာကျော် စားသောက်ကုန်လုပ်ငန်း စတင်လည်ပတ်မှုနဲ့ အခုလက်ရှိ အခြေအနေကို ရှင်းပြပေးပါဦး။

ဖြေ။    ။        “ဥမ္မာကျော် စားသောက်ကုန်လုပ်ငန်း မစတင်မီ မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအနေနဲ့ ရွှေတောင်ထမင်းသုပ်၊ ထမင်းအရောသုပ်နှင့် ရွှေတောင်ခေါက်ဆွဲကို ၂၀၀၂ ခုနှစ်က စတင်ရောင်းချလျက်ရှိပြီး ၂၀၂၁ ခုနှစ်ကစပြီး ခရီးအဝေးသို့ ယူဆောင်ရာမှာလည်း လွယ်ကူစေဖို့နဲ့ အသင့်စားသုံးနိုင်ဖို့အတွက် “ဥမ္မာကျော် Ready Made စားသောက်ကုန်လုပ်ငန်းကို တိုးမြှင့်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပါတယ်။

မေး။   ။        “ဥမ္မာကျော် စားသောက်ကုန်လုပ်ငန်းအနေနဲ့ ကုန်ပစ္စည်း ဘယ်နှမျိုး ထုတ်လုပ်ရောင်းချပါသလဲ၊ အများဆုံး ရောင်းချရတဲ့ အမျိုးအစားကိုလည်း ပြောပြပေးစေလိုပါတယ်။

ဖြေ။    ။        ကျွန်မတို့ဆိုင်မှာ ရွှေတောင်ထမင်းသုပ်၊ ထမင်းအရောသုပ်၊ ရွှေတောင်အုန်းနို့ခေါက်ဆွဲ၊ ရွှေတောင်မုန့်ဟင်းခါးနဲ့ စိန်ပန်းအကြွပ်ကြော်ဆိုပြီး အမျိုးအစားငါးမျိုး ထုတ်လုပ်ရောင်းချလျက်ရှိပြီး၊ ရောင်းအားအကောင်းဆုံးကတော့ ထမင်းသုပ်နဲ့ ထမင်းအရောသုပ်ဖြစ်ပြီး အခုနောက်ပိုင်းတော့ ရွှေတောင်အုန်းနို့ခေါက်ဆွဲဆိုတာ လူသိများလာပြီး ပိုပြီးတော့ ရောင်းရပါတယ်။ ၂၀၂၄ ခုနှစ်အစပိုင်းမှာ မုန့်ဟင်းခါးကို လက်ခံလာကြပြီး မုန့်ဟင်းခါးတွေလည်း အတော်ရောင်းရပါတယ်။ အဓိက ထုတ်ကုန်ပစ္စည်း ငါးမျိုးမှာ လေးမျိုးက ဈေးကွက်မှာ နာမည်ရသွားပြီး တော်တော်လေး ရောင်းရပါတယ်။

မေး။   ။        ပြည်တွင်း၊ ပြည်ပ ရောင်းချမှုအခြေအနေကိုလည်း သိပါရစေ။

ဖြေ။    ။        “ဥမ္မာကျော် စားသောက်ကုန်လုပ်ငန်းက ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေကို ပြည်တွင်းအနေနဲ့ ရန်ကုန်၊ ပဲခူး၊ ပြည်နဲ့ နတ်တလင်းမြို့တွေမှာ ကိုယ်စားလှယ်များ ပေးထားရပါတယ်။ ရွှေတောင်မြို့ပေါ်မှာတော့ ရွှေနံ့သာ၊ မြသော်တာ၊ နေဝန်းသူရိန်နဲ့ ဆုံစည်းရာ စတိုးဆိုင်များက ကိုယ်စားလှယ်ယူရောင်းချလျက်ရှိပြီး ပြည်ပအနေနဲ့ ထိုင်းနိုင်ငံကိုယ်စားလှယ်ရရှိထားပြီး လစဉ်ရောင်းချရပါတယ်။ ဒါ့အပြင် ဂျပန်နဲ့ စင်ကာပူအထိ ဖြန့်ဖြူးရောင်းချနိုင်ပြီ ဖြစ်ပါတယ်။

မေး။   ။        အခုလို စားသောက်ကုန်လုပ်ငန်း ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆက်လက်ဆောင်ရွက်မည့် အခြေအနေကိုလည်း ပြောပြပေးပါဦး။

ဖြေ။    ။        ရွှေတောင်မြို့မှာ အစားအသောက်တွေအလွန်များတယ်။ အလွန်လည်းကောင်းတဲ့ အစားအသောက်တွေ ရှိတယ်ဆိုတာကို အမြို့မြို့၊ အနယ်နယ်မှာရှိတဲ့ မိတ်ဆွေတွေကို ရွှေတောင်ကလို့ပြောလိုက်ရင် ရွှေတောင်ထမင်းသုပ်ရှိတဲ့နေရာ၊ ရွှေတောင်ခေါက်ဆွဲ ရှိတဲ့နေရာဆိုပြီး ရွှေတောင်မြို့လေးကို လူသိများစေလိုတဲ့အချက်နဲ့ ဘိုးဘွားလက်ထက်ကစပြီး မိသားစုမျိုးရိုးစဉ်ဆက် လုပ်ကိုင်လာတဲ့ လုပ်ငန်းအပေါ် ထိန်းသိမ်းချင်တဲ့ ရည်ရွယ်ချက်၊ ထုတ်ကုန်ပစ္စည်းတွေကို ဆက်ပြီး တိုးချဲ့ချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ စားသောက်ကုန်လုပ်ငန်းက ထုတ်တဲ့ထုတ်ကုန် ပစ္စည်းများကို မြန်မာနိုင်ငံတွင်သာမက နိုင်ငံရပ်ခြားမှာ ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ရောင်းချပြီး နိုင်ငံခြားတင်သွင်းကုန်ပစ္စည်းတစ်ခု အနေနဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

မေး။   ။        ထုတ်ကုန်ပြပွဲ၊ ပြသမှု အခြေအနေများကိုလည်း ပြောပြပေးပါဦး။

ဖြေ။    ။        ကျွန်မတို့ “ဥမ္မာကျော် စားသောက်ကုန်လုပ်ငန်းက ထုတ်ကုန်ပစ္စည်းတွေကို ပဲခူးမြို့မှာ ကျင်းပတဲ့ ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်ပစ္စည်း အရောင်းပြပွဲမှာ ပထမဆုံးတင်သွင်းခဲ့ ပါတယ်။ ရွှေတောင်ထမင်းသုပ်၊ ထမင်းအရောသုပ်နဲ့ ရွှေတောင်အုန်းနို့ခေါက်ဆွဲ သုံးမျိုးကို ရောင်းချပေးခဲ့ပါတယ်။ ပြည်တန်ဆောင်တိုင်ပွဲတော်၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ကုန်စည်ပြပွဲမှာလည်း ပြသရောင်းချခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း ကျင်းပပြုလုပ်မယ့် နေပြည်တော် MSME ထုတ်ကုန်ပြပွဲတွင်လည်း သွားရောက်ရောင်းချမှာ ဖြစ်ပါတယ်။

မေး။   ။        အလုပ်သမားဦးရေနဲ့ နေ့စဉ်လုပ်ငန်း လည်ပတ်ဆောင်ရွက်မှုတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ။    ။        ကျွန်မတို့ဆိုင်မှာ အလုပ်သမား ခြောက်ဦးရှိပါတယ်။ ဒီခြောက်ဦးနဲ့ပဲ အုပ်စုခွဲပြီး လုပ်ငန်းတွေလည်ပတ်အောင် ဆောင်ရွက်နေပါတယ်။ ကျွန်မတို့ဆိုင်ကို နံနက် ၅ နာရီကနေ နံနက် ၁၀ နာရီအထိ ဆိုင်စားအနေနဲ့ ဖွင့်လှစ်ရောင်းချပြီး Ready Made စားသောက်ကုန်ပစ္စည်းများကို နံနက် ၅ နာရီကနေ ည ၈ နာရီအထိ ပိတ်ရက်မရှိ ရောင်းချပေးလျက်ရှိပါတယ်။

မေး။   ။        နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထောက်ပံ့ပေးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်ဆက်မှု၊ လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်မှုကိုလည်း သိလိုပါတယ်။

ဖြေ။    ။       နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအနေနဲ့ ကျပ်သိန်း ၁၀၀ ချေးငွေရရှိခဲ့ပြီး လုပ်ငန်းအတွက် တကယ်လိုအပ်နေတဲ့ ပါကင်ပိတ်စက်ကြီးကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အခုလို ဝယ်ယူလိုက်တဲ့အတွက် ထုတ်ကုန်တွေကို လျင်လျင်မြန်မြန် ထုတ်နိုင်ပါတယ်။ အရင်က ပစ္စည်းတွေ ထုတ်လုပ်ရာမှာ လက်ဖိစက်တွေနဲ့သာ ထုတ်လုပ်တဲ့အခါ အလုပ်မတွင်ကျယ်ဘဲ ဝယ်ယူသူတွေလာတဲ့အခါ လုံလောက်အောင် မရောင်းပေးနိုင်ခဲ့ပါဘူး၊ အခုလို စက်ကြီးရရှိလာတဲ့ အခါ ပစ္စည်းတွေ လှိုင်လှိုင်ထုတ်နိုင်ပြီး၊ ကိုယ်စားလှယ်တွေကို Cancel လုပ်စရာမလိုဘဲ ပြည့်ပြည့်ဝဝ ပေးနိုင်ပြီး လက်လီရောင်းချမှုကိုလည်း ကောင်းမွန်စွာ လုပ်ကိုင်ရောင်းချနိုင်ပါတယ်။ အခုလို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတွေ ထောက်ပံ့ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

မေး။   ။                  ဆက်လက်ပြီး မိမိကိုယ်တိုင် လူငယ်လုပ်ငန်းရှင်ဖြစ်တဲ့အတွက် ဒေသထွက်ကုန်များနဲ့ စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်မယ့် လုပ်ငန်းရှင်လူငယ်တွေနဲ့ ပြည်သူတွေကိုလည်း အကြံပြုစကားများ ပြောကြားပေးပါဦး။

ဖြေ။    ။        ကိုယ်ရဲ့ဒေသထွက် စားသောက်ကုန်ပစ္စည်းတွေကို သိတဲ့သူလည်းရှိသလို၊ မသိတဲ့သူလည်း ရှိနိုင်ပါတယ်။ ဒီမြို့၊ ဒီနေရာလေးမှာ ရောင်းနေရတာမျိုး မဟုတ်ဘဲ၊ ရပ်တန့်သွားတာမျိုး မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ဒေသထွက် ကုန်ပစ္စည်းတွေကို တခြားနယ်၊ တခြားမြို့တွေက အသိအမှတ်ပြုပြီး ဒေသနဲ့ဝေးတဲ့ နေရာအနှံ့ပို့ပြီးတော့ တိုးချဲ့နိုင်မယ်ဆိုရင် စီးပွားရေးတစ်ခုအနေနဲ့လည်း ကောင်းသလို၊ ကိုယ့်ရဲ့ဒေသထုတ်ကုန်အနေနဲ့လည်း ဂုဏ်ယူစရာ ကောင်းပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအနေနဲ့ ပူးပေါင်းပြီး FDA အသိအမှတ်ပြုလက်မှတ်ရရှိကာ နိုင်ငံတကာအထိ ဖြန့်ကြက်နိုင်ပြီး နိုင်ငံခြားဝင်ငွေရရှိနိုင်တဲ့ စီးပွားရေးတစ်ခုအနေနဲ့လည်း လုပ်ဆောင်သင့်ကြောင်း ဒေသအသီးသီးက မိတ်ဆွေများကို မျှဝေ အကြံပြုပြောကြားလိုပါတယ်။     ။

တွေ့ဆုံမေးမြန်း - ငြိမ်းငြိမ်းသန့် (ပြန်/ဆက်)၊ ဓာတ်ပုံ - ကိုကိုမင်း (ပြန်/ဆက်)