Skip to main content

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပွင့်ဖြူ စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီးအလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေ ပိုလျှံရန်ပုံငွေကျပ် (၈၁)သန်းဖြင့် ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မင်းဘူး - ပွင့်ဖြူ - စလင်းသွား မြို့ရှောင်လမ်း ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့ပြသန့်ရှင်း သာယာလှပစေရေးအတွက် အရှည်ပေ ၂၅၅၀ ပေ အား အကျယ် ၃ ပေ ၊ အနက် ၃ ပေ ၆ လက်မ အုတ်ရေနုတ်မြောင်း တူးဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်မည့် တိုက်နယ်ဆေးရုံ ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၇၁ ဒသမ ၃၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျောင်းတော်ရာကျေးရွာ ရေဆိုးထုတ်မြောင်း ပြန်လည် ပြုပြင်ခြင်းနှင့် မြောင်းပေါင် နှစ်ဘက် ပြန်ဖော်၍ လမ်းအရှည်ပေ ၁၄၀၀ အား မြေနီကျောက်စရစ် ကုန်ထုတ်လမ်း ပြုလုပ် ဆောင်ရွက်နေမှုနှင့် မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေပေးဝေ လျက်ရှိသော တောင်မုန်း မြောင်းမကြီး မြောင်းပေါင်လမ်း အလျားပေ ၂၂၀၂၀ ပေ အား အကျယ် ၁၀ ပေ ၊ ထု ၅ ပေ ၆ လက်မရှိ မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင် ပြုပြင်ခြင်း လုပ်ငန်းအား SHWE GROUP ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီ ပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပွင့်ဖြူမြို့နယ် ဖလံတော ကျေးရွာအုပ်စု ကျောက်ကုန်း ကျေးရွာတွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် ကျေးရွာလျှပ်စစ်မီးလင်းရေး ထရန်စ ဖော်မာဖွင့်ပွဲသို့ တက်ရောက်ပြီး နိုင်ငံတော်အစိုးရသစ်လက်ထက် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာလျှပ်စစ်မီးလင်းရေး လမ်းပန်း ဆက်သွယ်ရေး ပညာရေး ကျန်းမာရေး စသည့် ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ကျေးလက် ဒေသခံ ပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားစေရေး အတွက် ကျေးရွာလျှပ်စစ် မီးလင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများ ကလည်း မိမိကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ လုပ်ကိုင်ဆောင်ရွက်သွားကြဖို့လိုကြောင်း ပြောကြားကာ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)