Skip to main content

တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် ဒီဇင်ဘာ ၂၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ရွှေဘိုမြို့နယ် ရွှေဘိုတက္ကသိုလ် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Insight ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၅၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဒီဇင်ဘာ ၂၆ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် မြိုင်ကြီးငူ လမ်းခွဲအနီး၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Quick ခေါက်ဆွဲခြောက်ထုပ် ၃၂၄၀၊ Choice မုန့်ပုံး ၂၄၀၊ Smart Softener အမွှေးဆီအထုပ် ၁၆၈၀၊ ယောကျ်ားစီး Slipper ဖိနပ်အရန် ၁၂၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၀၈၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Faw Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂၉၀၈၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၉ ဒသမ ၁၅၈ တန်၊ သစ်မာ ၁ ဒသမ ၅၀၄ တန် နှင့် အခြားသစ် ၅ ဒသမ ၄၆၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၅၈၄၄၀) ကိုလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၂၆ ဒသမ ၉၀၃ တန်နှင့် သစ်မာ ၁ ဒသမ ၃၀၉ တန် (ခန့်မှန်းတန်ဖိုးငွေ ၉၆၅၈၂၂၂ကျပ်)ကို လည်းကောင်း၊ ညောင်လေးပင်ခရိုင်အတွင်း၌ တရားမဝင်အခြားသစ် ၃ ဒသမ ၃၇၇၂တန် (ခန့်မှန်းတန်ဖိုးငွေ ၂၆၅၂၀၄ ကျပ်) ကိုလည်းကောင်း၊ ပြည်ခရိုင်အတွင်း၌ တရားမဝင်သစ်မာ ၅ ဒသမ ၆၇၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁၈၅၀၀)ကို လည်းကောင်း၊ သာယာဝတီခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၂၄၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၄၅၈၀)ကို လည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေ ၁၉၀၈၄၉၄၆ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒီဇင်ဘာ ၂၆ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၌ တရားမဝင်မီးသွေးအိတ် ၄၄၉ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၉၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀) စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၄၄၉၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဒီဇင်ဘာ ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာလေးလုံး အတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသော ဆေးဝါးများဖြစ်သည့် Rostab 20 Tablet ဘူး ၂၀၀၀၊ Neugalin 25MG Capsule ဘူး ၁၀၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၀၀၀၀၀)နှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် EVA Foam Roll ၉၉၄၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၉၆၀၆၇၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၉၆၀၆၇၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၆ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု (ခန့်မှန်းတန်ဖိုးငွေ ၁၀၃၉၀၂၆၁၆ ကျပ်) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်