နေပြည်တော် ဒီဇင်ဘာ ၂၇
အလုပ်သမားဝန်ကြီးဌာန လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်း အသုံးပြုသူများ၏ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာန၏ ရည်မှန်းချက်များတွင် အလုပ်သမားရေးရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် အလုပ်သမားဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းပြုစုရေးဆိုသည့် အချက်ပါဝင်ပြီး လူဦးရေနှင့် ဖွံ့ဖြိုးမှု စီမံကိန်းရေးဆွဲမှု လုပ်ငန်းစဉ်အတွက် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ဖော်ထုတ်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းအရဝန်ကြီးဌာနအနေဖြင့် ၁၉၉၇ ခုနှစ်မှစတင်၍ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်ကို ပြုစုထုတ်ဝေခဲ့သည်မှာ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ ၂၂ ကြိမ်ရှိပြီဖြစ် ကြောင်း။
လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများနှင့်ပတ်သက်၍ အညွှန်းကိန်းနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ စာရင်းများ တောင်းခံဆောင်ရွက်လျက်ရှိရာ ကဏ္ဍအားလုံးနှင့် သက်ဆိုင်လွှမ်းခြုံသော အညွှန်းကိန်းများကို အညွှန်းကိန်းများ လက်စွဲစာအုပ်တွင် တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လက်စွဲစာအုပ် ပုံမှန်ပြုစုထုတ်ဝေခြင်းဖြင့် ယုံကြည်စိတ်ချ ရပြီး မှန်ကန်မှုရှိသော ကိန်းဂဏန်း အချက်အလက်များ အလွယ်တကူရရှိနိုင်ခြင်း၊ အညွှန်းကိန်းများကို အခြေခံ၍ နိုင်ငံရှေ့ရေးအတွက် ခိုင်မာသော မူဝါဒများ ချမှတ်နိုင်ခြင်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအဆင့်အတန်းနှင့် လူနေမှုအဆင့်အတန်းတို့ကို သိရှိနိုင်ခြင်းကြောင့် အညွှန်းကိန်းများ လက်စွဲစာအုပ် ပြုစုထုတ်ပြန်နိုင်ခြင်းသည် နိုင်ငံ၏ လူ့စွမ်းအားဆိုင်ရာ မှတ်တိုင် တစ်ခုဖြစ်ကြောင်း။
အလုပ်သမားဝန်ကြီးဌာနသည် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ဖော်ထုတ်အသုံးပြုရေး လုပ်ငန်းကို ဦးတည်ဆက်သွယ်သည့် ဝန်ကြီးဌာနအဖြစ် ဆောင်ရွက်လျက်ရှိပြီး အခြားဝန်ကြီးဌာန ၂၁ ခုမှ အညွှန်းကိန်းနှင့်သက်ဆိုင်သည့် ဦးစီးဌာနနှင့် အဖွဲ့ ၄၄ ခု၊ တက္ကသိုလ်၊ ကောလိပ်လေးခု၊ ကော်မတီတစ်ခုနှင့် အသင်းအဖွဲ့နှစ်ခုတို့မှ လုပ်ငန်းအဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် စုစည်း ညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များက လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် ရေရှည်တည်တံ့စေရေးအဖွဲ့များခွဲ၍ ဆွေးနွေးသုံးသပ်ပြီး အကြံပြုချက်များရယူကာ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် (၂၀၂၁-၂၀၂၃ ခုနှစ်) ထွက်ရှိနိုင်ရေး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်